လွိုင်ကော် ၈ ဒီဇင်ဘာ
နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး၏ (၅၀) ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတစ်ဝှမ်းလုံး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားသည် အရေးပါသည့် အခန်းကဏ္ဍတွင်ပါဝင်ပြီး မြို့ကြီးများသာမက ကျေးလက်နေ ပြည်သူများပါ လျှပ်စစ်ဓာတ်အား သုံးစွဲမှုရရှိရေး အစိုးရ၊ ဌာန၊ ပြည်သူများနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် မူဝါဒများ၊ အစီအမံများ ရေးဆွဲပြီး ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေး ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီများ ရယူဆောင်ရွက်လျက်ရှိရာ အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများ၊ ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား စီမံကိန်း ရေးဆွဲ၍ ကျေးလက်ဒေသမီးလင်းရေး လုပ်ငန်းများ၊ ၎င်းအပြင် ဂျပန်နိုင်ငံ JiCA ၏ ပံ့ပိုးမှုနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်လျက်ရှိပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက် ပေးသွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၁၁ ကေဗွီလိုင်းနှင့် ၄၀၀ ဗို့လိုင်း၊ ထရန်စဖော်မာ အသစ်တည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်း ပြုပြင်ပြောင်းလဲခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကယားပြည်နယ် အစိုးရအဖွဲ့အနေနှင့် လျှပ်စစ်ကဏ္ဍတွင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များထက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်ပေးနိုင်သည်ကို တွေ့မြင်ရပါကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏စီမံမှု၊ ပြည်နယ်လွှတ်တော်၏ ပူးပေါင်းမှုများကြောင့် တည်ဆောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေးကဏ္ဍများတွင် ကျပ်သန်းပေါင်း (၅)ထောင်ခွဲဝေချထား ပေးနိုင်ခဲ့ပါကြောင်း၊ ရေအားလျှပ်စစ်သမိုင်း၏ အစဖြစ်သည့် ဘီလူးချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ရှိရာဒေသနေ ပြည်သူများအနေနှင့်လည်း လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာရရှိနေပြီ ဖြစ်ပါကြောင်း၊ ကယားပြည်နယ်သည် ရေအားလျှပ်စစ်စနစ်စက်ရုံ (၃)ရုံရှိသော်လည်း ယခင်ကယင်းဒေသများတွင် မီးအားပြည့်ဝစွာ ပေးနိုင်ခြင်းမရှိပါကြောင်း၊ မိမိတို့တာဝန်ယူပြီးချိန်မှစ၍ ၈၈.၇၆ ရာခိုင်နှုန်းခန့်ကို ဖော်ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးမည့် ကဏ္ဍများတွင်လည်း အလားတူကြိုးပမ်းပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ထရန်စဖော်မာများ ထပ်မံခွဲဝေရရှိရန်အတွက် ပြည်ထောင်စုအဆင့်သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်နယ်အတွင်း လိုအပ်လျက်ရှိသည့် လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာများကိုလည်း ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအနေဖြင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းသည်ထက်ကောင်းအောင် ကြိုးပမ်းလျက်ရှိရာ ဌာနတာဝန်ရှိသူများအပါအဝင် တက်ရောက်လာသူများမှ ပူးပေါင်းကြိုးပမ်းပေးစေလိုကြောင်းနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင်လည်း လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာဖြင့် လျှပ်စစ်အသိ၊ လျှပ်စစ်သတိများဖြင့် အကျိုးရှိစွာ သုံးစွဲနိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးမြတ်စိုးကျော်မှ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀)ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးတို့အား အမှတ်တရ အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
လွိုင်ကော်သား