နိုင်ငံတော်၏ စီးပွားရေးဖွံ့ ဖြိုးမှုဆိုင်ရာကြိုးပမ်းဆောင်ရွက်မှုများ

နေပြည်တော် ၁၈ သြဂုတ်

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်သည့် ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်ရေးအပေါ် အခြေခံလျက်ကုန်သွယ်မှုဖွံ့ ဖြိုးခြင်းမှတစ်ဆင့် တိုင်းပြည်စီးပွားဖွံ့ ဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်ဖြစ်ပါသည်။ ကုန်သွယ်မှုဖွံ့ ဖြိုးခြင်းဆိုရာ၌ ထုတ်လုပ်မှုမှသည် စားသုံးမှုအထိ အကျုံးဝင်သော ထုတ်လုပ်စားသုံးမှု ကွင်းဆက်တစ်ခုလုံး၏ ဖွံ့ ဖြိုးတိုးတက်မှုကို ဆိုလိုခြင်းဖြစ်ပါသည်။

 

ကုန်သွယ်မှုဖွံ့ ဖြိုးရေးအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မဟာဗျူဟာအဖြစ် ပို့ကုန်ဦးဆောင်မှုဖြင့် စီးပွားဖွံ့ ဖြိုးတိုးတက်ရေးကို ချမှတ်ထားပါသည်။ ဤမဟာဗျူဟာအောက်၌ လူထုအစိုးရသက်တမ်းအတွင်း ပို့ကုန်သုံးဆမြှင့်တင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တစ်ဖက်၌ ပို့ကုန်မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ တခြားတစ်ဖက်၌လည်း သွင်းကုန်အစားထိုးရေးကို ဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့ သွင်းကုန်အစားထိုးနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် အထူးစီးပွားရေးဇုန်သုံးခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ အထူးစီးပွားရေးဇုန်သုံးခုမှာ သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များ ဖြစ်ပါသည်။

 

ပို့ကုန်မြှင့်တင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အမျိုးသားပို့ကုန်မဟာဗျူဟာတစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။ ဤကဲ့သို့ ပို့ကုန်မြှင့်တင်ရေးအတွက် အဓိကဈေးကွက်ရှိရာ နိုင်ငံများသို့ စီးပွားရေးသံမှူးများအား တိုးချဲ့စေလွှတ်ထားသကဲ့သို့ ကုန်စည်ပြပွဲများကိုလည်း ခင်းကျင်းပြသပေးလျက်ရှိပါသည်။ ရန်ကုန်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနအား ကုန်စည်ပြပွဲများခင်းကျင်းပြသနိုင်ရေးအတွက် ထူထောင်ထားခြင်းဖြစ်ပါသည်။ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် နိုင်ငံတော်၏ ထုတ်လုပ်စားသုံးမှုကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာသော်လည်း စားသုံးသူပြည်သူတို့၏ ဘေးကင်းလုံခြုံမှုကို အာမခံချက်မပေးနိုင်ပါက နိုင်ငံတော်အတွက် အနုတ် လက္ခဏာတို့ကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်ကစားသုံးသူကာကွယ်ရေး ဥပဒေသစ်တစ်ရပ်ကို လွှတ်တော်ထံ တင်ပြထားရှိပြီး ဖြစ်ပါသည်။

 

နိုင်ငံတော်အစိုးရ၏ ဤသို့ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် ကုန်ဆုံးခဲ့သော ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုပမာဏသည် တိုင်းပြည်၏ သမိုင်းတစ်လျှောက် အမြင့်မားဆုံးသော ကုန်သွယ်မှုပမာဏဖြစ်ပါသည်။ အဆိုပါ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၃ ဘီလီယံ ရှိပါသည်။ နိုင်ငံတော်၏ အစဉ်အလာ ပို့ကုန်ဖြစ်သော ဆန်တင်ပို့မှုကိုလည်း တန်ချိန် ၃ ဒသမ ၅၉ သန်းအထိ တင်ပို့နိုင်ခဲ့ပါသည်။ ဆန်အပါအဝင် ပို့ကုန်များတိုးမြှင့်ရေး ဆောင်ရွက်ရာ၌လည်း ပမာဏတိုးချဲ့နိုင်ရေးနှင့်အတူ အရည်အသွေးမြင့်မားရေးကိုလည်း ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ဤကဲ့သို့ အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်က ချေးငွေပံ့ပိုးပေးနိုင်ရေးကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အစိုးရ၏ စီးပွားရေးဖွံ့ ဖြိုးရေးအတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် ဤကြိုးပမ်းဆောင်ရွက်မှုတို့သည် နိုင်ငံသူ နိုင်ငံသားတို့၏ လူမှုစီးပွားရေး အခြေအနေကောင်းများကို ဖန်တီးပေးမည်ဖြစ်ကြောင်းလေးစားစွာ တင်ပြအပ်ပါသည်။ ။