ချစ်ခင်လေးစားရပါတဲ့ မိဘပြည်သူများခင်ဗျာ-

 

ယခုကာလများအတွင်း နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများကို ဆက်စပ်တင်ပြလိုပါတယ်။ အချို့အခြေအနေများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး‌ကောင်စီအစည်းအဝေးမှာ ကျွန်တော်တင်ပြခဲ့ပြီးလည်းဖြစ်ပါတယ်။

 

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ မဲမသမာမှု ၁၁ သန်းကျော် ပြုလုပ်ခဲ့မှုတွေကြောင့် နိုင်ငံတော်မှာ မတည်မငြိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ရပါတယ်။ ဒါ့ကြောင့်နိုင်ငံတော်ရဲ့ ယာယီသမ္မတကနေ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူပြီး တပ်မတော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ရဲ့တာဝန်ကို ထိန်းသိမ်းစေခဲ့ပါတယ်။ တပ်မတော်အနေနဲ့ စစ်ဘက်၊ အရပ်ဘက် ပူးပေါင်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့တာဝန်စတင်ထမ်း ဆောင်ချိန်ကတည်းက ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးရေးသည် အန္တိမရည်မှန်းချက်ဖြစ်တယ်လို့ တိုင်းသိ ပြည်သိ ကြေညာခဲ့ပါတယ်။ ဒီလိုနိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးချိန်မှာ သာမန်ဆန္ဒပြရာကနေ တဖြည်းဖြည်း မင်းမဲ့စရိုက်ဆန်တဲ့ ဆူပူလှုပ်ရှားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ NLD အစွန်းရောက် ပါတီဝင်အချို့ရဲ့ ဦးဆောင်မှုနဲ့ လက်နက်ကိုင်ဆူပူ အကြမ်းဖက်လုပ်ရပ်တွေကို စတင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါတင်မကဘဲ အချို့လူငယ်တွေကို ဝါဒမှိုင်းရိုက်သွင်းပြီးတော့မှ ငြိမ်းချမ်းရေးကိုမလိုလားတဲ့၊ နိုင်ငံတော်အပေါ်သဘောထားမမှန်တဲ့ လက်နက်ကိုင်အဖွဲ့အချို့ထံမှာ အကြမ်းဖက်စစ်သင်တန်းများ သွားရောက်သင်ကြားစေခဲ့ပါတယ်။ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲက NCA ကို လက်မှတ် မရေးထိုးရသေးတဲ့အဖွဲ့များရော၊ NCA ကိုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ထဲက အချို့ သော EAO တို့ကပါ PDF အကြမ်းဖက်အဖွဲ့တွေကို အားပေးအားမြှောက်ပြုပြီး သင်တန်းများပေးခဲ့တာ တွေ့ခဲ့ရပါတယ်။ PDF အကြမ်းဖက်သမားတွေ EAO အဖွဲ့အချို့ထံမှာ အကြမ်းဖက် သင်တန်းများတက်ပြီးတဲ့နောက်မှာ နိုင်ငံတစ်ဝန်း လူသတ်၊ ဗုံးထောင်၊ ဗုံးခွဲ၊ အကြောင်းမဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ပြည်သူလူထုကို ခြောက်လှန့်နေတာ ဒီနေ့အချိန်အထိပဲဖြစ်ပါတယ်။ ဒီလို နိုင်ငံတစ်ဝန်း မတည်မငြိမ်မှု တွေလုပ်ဆောင်တဲ့ အချိန်မှာပဲ အချို့သော လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဒီအပေါ်မှာ အခွင့်အရေးအဖြစ် ဖန်တီးပြီး နယ်မြေချဲ့ထွင် သိမ်းပိုက်ဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။

 

MNDAA ၊ TNLA ၊ AA သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ ၂၀၂၂ ခုနှစ် ဧပြီလက ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေကို ငြင်းပယ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ်ဒေသမှာရှိတဲ့ တပ်မတော်လုံခြုံရေးတပ်စခန်းများနဲ့ ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှာ အင်အားသုံးစတင် တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်နိုင်ဖို့အတွက် ၂၀၂၂ ခုနှစ် လောက်ကတည်းက လူအင်အား၊ လက်နက်အင်အား စုဆောင်းတာတွေ၊ Drone များကို အသုံးပြုပြီး တိုက်ခိုက်ဖို့လေ့ကျင့်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။ တည်ငြိမ် အေးချမ်းနေတဲ့ နယ်မြေဒေသတစ်ခုလုံးကို စစ်ပွဲဒဏ်သင့်အောင် လုပ်ဆောင်ခဲ့ပါတယ်။ သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့လမ်း တံတားတွေကစပြီး စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေခံအဆောက်အဦများကို ဖျက်ဆီးခဲ့ကြပါတယ်။ အစိုးရအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ဒေသတွင်း ပြန်လည်တည်ငြိမ်အေးချမ်းရေးကိုရှေးရှုပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီလမှာ သဘောတူညီခဲ့ပါတယ်။ ဒါပေမယ့် MNDAA ၊ TNLA အဖွဲ့တို့အနေနဲ့ အကြောင်းပြချက်မျိုးစုံပြပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်နဲ့ မန္တလေးတိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ မိုးကုတ်မြို့တို့ကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ပြည်သူလူထုနေထိုင်တဲ့ မြို့ရွာတွေထဲမှာရှိတဲ့ လူနေအိမ်တွေ၊ ဆေးရုံတွေ၊ စာသင် ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦတွေကို ပစ်မှတ်ထားပြီး အဓိကအားဖြင့် အဆင့်မြှင့်တင်ထားတဲ့ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တာတွေ၊ Drop Bomb များနဲ့ တိုက်ခိုက်တာတွေကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တာ အားလုံးတွေ့မြင်ပြီးဖြစ်ပါ တယ်။ ဩဂုတ် လ ၂ ရက်နေ့မှာတော့ လားရှိုးမြို့မှာရှိတဲ့ တပ်မတော်ဆေးရုံကို Drop Bomb များ အဆက်မပြတ်ကြဲချပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ လူနာများနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ၊ အမျိုးသမီးများ၊ မိသားစုဝင်များနဲ့ ကလေးသူငယ်များအပါအဝင် အချို့လူနာများကို ဖမ်းဆီး ခေါ်ဆောင်သွားတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ တပ်မတော်ဆေးရုံဆိုတာ တပ်မတော်သားတွေ သာမက တပ်မတော်သားမိသားစုဝင်များ၊ ရဟန်းသံဃာများ၊ သာမန် တိုင်းရင်းသားပြည်သူများ တက်ရောက် ကုသနေတဲ့ ဆေးရုံဖြစ်ပြီး သက်ဆိုင်ရာနယ်မြေအလိုက် ဒေသခံပြည်သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကိုနယ်လှည့်ဆေးကုသရေး အဖွဲ့များနဲ့ ဆောင်ရွက်ပေးနေတဲ့ ဆေးရုံများပဲဖြစ်ပါတယ်။ သူတို့အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ဒေသတွေကိုကြည့်ရင် သူတို့လူမျိုးနေထိုင်တဲ့ရာခိုင်နှုန်း အနည်းငယ်သာ ရှိနေတာကိုလည်း တွေ့နိုင်ပါတယ်။ ဥပမာ လားရှိုးမြို့နယ်အတွင်းမှာ ကိုးကန့်လူမျိုးများနေထိုင်တာ ၂၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ရှိပေမယ့် အများစုဟာ လားရှိုးမြို့ပေါ်မှာ မဟုတ်ဘဲ ကျေးရွာများမှာသာ နေထိုင်ကြပါတယ်။ မြို့ပေါ်မှာ ရှမ်း၊ ဗမာနဲ့ ကချင်တို့သာ အများဆုံးနေထိုင်ကြပါတယ်။ ထို့အတူပဲကျောက်မဲ၊ သီပေါမြို့နယ်ဘက်မှာ ပလောင်လူမျိုးများနေထိုင်မှုက ၁၅ ရာခိုင်နှုန်း ပတ်ဝန်းကျင်သာ ရှိပါတယ်။ နောင်ချိုမြို့နယ်မှာဆိုရင်လည်း ပလောင်လူမျိုးနေထိုင်မှုဟာ တစ်ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။ ရှမ်း၊ ဗမာ၊ ဓနုလူမျိုးတွေသာ အများဆုံး နေထိုင်ကြတာဖြစ်ပါတယ်။ ဒီလိုအကြောင်းမဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အိုးအိမ်တွေကိုစွန့်ခွာပြီး တိုက်ပွဲရှောင်များအဖြစ် အခြားဒေသများမှာ သွားရောက် ခိုလှုံနေကြတာကို ပြည်သူအားလုံး မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေဆီက အဖိုးတန် ရွှေ၊ ငွေ၊ ပစ္စည်းတွေ လုယက်တာတွေ၊ ပြည်သူလူထု စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကနေ အဖိုးတန်ပစ္စည်းတွေ ဖောက်ထွင်းခိုးဝှက် ရယူတာတွေ၊ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်ပြီး ကလေးငယ်တွေကို စစ်မှုထမ်းဆောင်စေပြီး အတင်းအဓမ္မ တိုက်ပွဲဝင်စေတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အစိုးရအခြေခံ အဆောက်အဦတွေ၊ လူမျိုးရေးနှင့်ဘာသာရေး အထိမ်းအမှတ်အဆောက်အဦတွေကို စက်ယန္တရားတွေကိုသုံးပြုပြီး မြေလှန်ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးရရှိသွားပြီး တရားဥပဒေစိုးမိုးမှု အပြည့်ရှိရင် ဒေသခံ ပြည်သူတွေကို လက်နက်ပြခြိမ်းခြောက်ပြီး လိုသလိုချုပ်ချယ်မရနိုင်တော့မှာ၊ ကိုယ်ကျိုးစီးပွား ရှာလို့မရနိုင်တော့မှာကို သိတဲ့အတွက် အခုလိုမိုက်တွင်းနက်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ MNDAA သောင်းကျန်းသူအဖွဲ့အနေနဲ့ လက်ရှိအချိန်မှာ လောက်ကိုင်မြို့မှာရှိတဲ့ ဗမာလူမျိုးများကိုဖမ်းဆီးပြီး မြို့က နှင်ထုတ်နေတဲ့သတင်းတွေလည်းတွေ့ရှိနေရပါတယ်။ ဒါပေမယ့် သောင်းကျန်းသူအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာ မြန်မာ့တပ်မတော်ကပဲ တိုက်ခိုက် ဖျက်စီးနေတယ်၊ လူမျိုးရေးခွဲခြားနေတယ်ဆိုပြီး စွပ်စွဲထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ လောက်ကိုင် မြို့ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့မြို့ဖြစ်ပါတယ်။ နိုင်ငံခြားသားများ ဝင်ထွက်မှုပြုလုပ်ခြင်းကို အစိုးရရဲ့ တရားဝင် လုပ်ထုံးလုပ်နည်း၊ ခွင့်ပြုချက်များနဲ့အညီသာ ဆောင်ရွက်ရမယ့် ဒေသဖြစ်ပါတယ်။ ယခင်က တရားမဝင် ဝင်ရောက်နေထိုင်ခဲ့ကြတဲ့သူများနဲ့ ပတ်သက်ဆက်နွယ်နေသူများ ပူးပေါင်းပြီးတော့ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုများနဲ့ တရားမဝင်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အဲ့ဒီလို တရားမဝင်ဝင်ရောက်နေထိုင်သူတွေနဲ့ ပတ်သက်ဆက်နွယ်နေသူတွေကို အရေးယူခြင်း၊ လွှဲပြောင်းပေးခြင်း၊ နှိမ်နင်းခြင်းတွေကိုလည်း ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ယခုအချိန်မှာလည်း တရားဝင် လုပ်ထုံးလုပ်နည်းများနဲ့အညီ ဝင်ရောက်နေထိုင်ရန် ခွင့်ပြုထားတဲ့ နိုင်ငံခြားသားများမရှိကြောင်း ပြောကြားလိုပါတယ်။ သောင်းကျန်းသူ အဖွဲ့တွေအနေနဲ့ ယခုအချိန်အခါမှာလည်း ကျောက်မဲ၊ နောင်ချိုဒေသများမှာရှိတဲ့ တပ်မတော်လုံခြုံရေးတပ်စခန်းတွေကို အင်အားအလုံးအရင်းနဲ့ အပြင်းအထန် တိုက်ခိုက်လျက်ရှိနေပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ လုပ်ရပ်များနဲ့ ထုတ်ပြန်ချက်များကို မှန်ကန်စွာခွဲခြားပြီးရှုမြင်ဖို့၊ ဝိုင်းဝန်းဆန့်ကျင်ကြဖို့လည်း အရေးကြီးပါတယ်။

 

AA သောင်းကျန်းသူအဖွဲ့ဆိုရင်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာပဲ ရခိုင်ပြည်နယ် နယ်ခြားစောင့် ရဲကင်းစခန်းငယ်တစ်ခုဖြစ်တဲ့ ဒုံးပိုက်ရဲကင်းစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခြင်းနဲ့ ရခိုင်ပြည်နယ်အတွင်း မတည်မငြိမ်မှုတွေဖြစ်အောင် စတင်ဖန်တီးခဲ့ပါတယ်။ အဲဒီနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးစခန်းတွေ၊ တပ်စခန်းတွေကို တိုက်ခိုက်ပြီး ဒေသခံ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအစုံကို ဖျက်ဆီးခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒေသခံ ပြည်သူများအနေနဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ အခြားမြို့တွေကို တိုက်ပွဲရှောင်များအဖြစ် တိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။ ယခုအချိန်မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မြို့ရွာတွေသာမက တည်ငြိမ်စွာ အေးချမ်းစွာနေထိုင်လိုတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့များကိုလည်း အပြင်းအထန် တိုက်ခိုက်လျက်ရှိတာတွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးသာ ၉၀ ရာခိုင်နှုန်း နေထိုင်တာကြောင့် AA အဖွဲ့ခေါင်းဆောင်များရဲ့ လုပ်ရပ်များဟာ ကိုယ့်လူမျိုးကို ကိုယ်ပြန် ဖျက်ဆီးနေသလို ဖြစ်နေတာလည်းတွေ့ရပါတယ်။ တပ်မတော်အနေနဲ့လည်း နယ်မြေဒေသတွေ ပြန်လည်တည်ငြိမ် အေးချမ်းဖို့အတွက် ဒေသခံပြည်သူများနဲ့ ပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

အလားတူ KIA အဖွဲ့ဟာဆိုရင်လည်း ၂၀၂၁ ခုနှစ်လောက်ကတည်းက စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်းမှာရှိတဲ့ PDF အမည်ခံအကြမ်းဖက်သမားများကို လက်နက်များတပ်ဆင်ပေးတာတွေ၊ အကြမ်းဖက် စစ်သင်တန်းပေးတာတွေကို လုပ်ဆောင်လာခဲ့ပြီး နယ်မြေမငြိမ်မသက်ဖြစ်အောင် ပုံဖော်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ စပ်ဆက်နယ်မြေများမှာလည်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေရဲ့ ပြည်သူ့အသက်အိုးအိမ်နဲ့ မြို့ရွာများဖျက်ဆီးနေမှုရဲ့ အဓိက အရင်းအမြစ်ဟာ KIA အဖွဲ့ကြောင့်ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် မတ်လကတည်းက ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ လုံခြုံရေးတပ်စခန်းများနဲ့ မြို့ရွာများကိုလည်း အင်အားသုံး တိုက်ခိုက်လာတာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် CNF အဖွဲ့ဟာဆိုရင်လည်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ ချင်းပြည်နယ်အတွင်းမှာ တိုက်ပွဲများ ဖော်ဆောင် လာတဲ့အတွက် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ တည်ငြိမ်အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက် နေကြတဲ့ တိုင်းရင်းသားပြည်သူတို့ရဲ့ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာပျက်စီးခဲ့ရပြီး ဖလမ်း၊ မတူပီ၊ လိုင်လင်းပီ၊ မင်းတပ်၊ ထန်တလန် စတဲ့ မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရတာကိုလည်း တွေ့မြင်ရပါတယ်။

 

အလားတူ KNU အဖွဲ့မှ အချို့ခေါင်းဆောင်များဟာဆိုရင်လည်း သူတို့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ ဖြစ်သော်လည်း သဘောတူချက်တွေကို ဖောက်ဖျက်လာတာကို တွေ့ရှိရပါတယ်။ သူတို့ဟာ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေကို အကြမ်းဖက်သင်တန်းများ သင်ကြားလေ့ကျင့်ပေးတာတွေ၊ လက်နက်များ တပ်ဆင်ပေးတာတွေကို ပြုလုပ်ခဲ့ကြပြီးတော့မှ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ လုံခြုံရေးတပ်စခန်းများ၊ မြို့ရွာများကို  အင်အားသုံးတိုက်ခိုက်ခြင်းများ လုပ်ဆောင်လာခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှာဆိုရင် ကော့ကရိတ်မြို့၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်မှာ ဆိုရင် သင်္ကန်းညီနောင်မြို့နဲ့ ဧပြီလ ၁၀ ရက်မှာ မြဝတီမြို့တို့ ကို တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ KNU အဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘဝများ များစွာထိခိုက် နစ်နာပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် မြန်မာပြည်သူလူထု အားထားနေရတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့ရပ်ဆိုင်းခဲ့ရပြီး ပြည်သူလူထုနဲ့ နိုင်ငံအတွက် များစွာနစ်နာခဲ့ပါတယ်။ ဒါတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဒေသတွင်း အမြန်ဆုံးတည်ငြိမ်အေးချမ်းမှုရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိနေပါတယ်။ လက်ရှိမှာလည်း KNU အနေနဲ့ တပ်မဟာ (၁၊ ၃၊ ၅) သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက်မှာ တိုက်ကွက်များ ဖော်ဆောင်နိုင်ရေးလက်ရှိ KNU ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းကြံစည်လျက်ရှိ နေတယ်ဆိုတဲ့ သတင်းကိုလည်း ရရှိထားပါတယ်။

 

KNPP/KNDF အဖွဲ့နှင့်ပတ်သက်ပြီး KNPP/KNDF သောင်းကျန်းသူအဖွဲ့ တွေဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာရှိပါတယ်။ KNPP/KNDF အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မလိုလားတဲ့ ဒေသခံ ပြည်သူတွေရဲ့ သတင်းပေးမှုတွေကြောင့် KNPP/KNDF သောင်းကျန်းသူအဖွဲ့ဝင်များကိုလည်း ချေမှုန်းနိုင်ခဲ့ပါတယ်။ တပ်မတော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များကလည်း စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ ခုခံတိုက်ခိုက်နေကြတဲ့အတွက် အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ KNPP/KNDF သောင်းကျန်းသူတွေအနေနဲ့ လွိုင်ကော်မြို့ကို မအောင်မြင်တဲ့အခါ ရှမ်းပြည်နယ်နဲ့ အစပ်ဖြစ်တဲ့ ဆီဆိုင်ဒေသဘက်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ဆီဆိုင်ဒေသဟာ ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့အတွက် ပအိုဝ့်ပြည်သူ့စစ်များနဲ့ ဒေသခံပြည်သူများက လုံးဝလက်မခံဘဲ ရွပ်ရွပ်ချွံချွံ တိုက်ထုတ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်မှာ လွိုင်ကော်နဲ့ဆီဆိုင်ဒေသတို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီလည်း ဖြစ်ပါတယ်။ ကယားပြည်နယ်တစ်ခုလုံး ယခင်လို တည်ငြိမ်အေးချမ်းမှု အပြည့်အဝရရှိအောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သောင်းကျန်းသူအဖွဲ့တွေအနေနဲ့ ဒီလိုတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အခါမှာ အဖျက်စိတ်နဲ့ ပြည်သူအများအပြား ထိခိုက်စေခဲ့သလို မြို့ရွာများကိုဖျက်ဆီးခဲ့တာကိုလည်းတွေ့ရပါတယ်။

 

လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနဲ့ မြန်မာနိုင်ငံအပေါ်မှာ သူတို့လိုချင်တဲ့ လက္ခဏာမျိုး ရရှိစေလိုတဲ့ ပြည်ပနိုင်ငံအချို့ဟာ လက်နက်ကိုင်သောင်းကျန်းသူတွေ၊ နိုင်ငံရေးသဘောထား ကွဲလွဲသူတွေက အကြမ်းဖက်လမ်းစဉ်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးရရှိအောင်၊ အစားအသောက်ရရှိအောင်၊ ဆေးဝါးရရှိအောင်၊ လက်နက်ခဲယမ်း မီးကျောက်ရရှိအောင်၊ နည်းပညာများရရှိအောင်၊ အုပ်ချုပ် ထောက်ပံ့မှုအခွင့်အလမ်းများရရှိအောင် လုပ်ဆောင်လျက်ရှိပြီး ပြည်ဖျက်မီဒီယာများကိုလည်း စိတ်ဓာတ်စစ်ဆင်ရေးလုပ်နိုင်အောင် ကူညီပေးလျက်ရှိတာကိုလည်း တွေ့ရပါတယ်။

 

တရုတ် - မြန်မာ နယ်စပ်မှာရှိတဲ့ EAO နယ်မြေအချို့မှာ  လက်နက်ခဲယမ်း မီးကျောက်စက်ရုံများ တည်ထောင်ထားပြီး လက်နက်များ၊ ခဲယမ်းများ၊ ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်နေတာကို သိရှိရပါတယ်။ အဲ့ဒီလက်နက်စက်ရုံတွေက ထုတ်လုပ်တဲ့လက်နက်ခဲယမ်းတွေကို PDF အမည်ခံအကြမ်း ဖက်သမားတွေနဲ့အခြား EAO အဖွဲ့တွေကို ထောက်ပံ့တာတွေ၊ ရောင်းချတာတွေ ပြုလုပ်နေတာကို တွေ့ရှိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိတဲ့ လက်နက်တွေ၊ ခဲယမ်း အများစုဟာလည်း အဲ့ဒီစက်ရုံများကထုတ်လုပ်တဲ့ လက်နက်ခဲယမ်းများ ဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ ဒီလိုလက်နက်ခဲယမ်းမီးကျောက် စက်ရုံများ ထူထောင်ဖို့ဆိုတာ သာမန် အခြေအနေနဲ့ မရပါဘူး။ ငွေကြေးအင်အားနဲ့ နည်းပညာအင်အားများ များစွာလိုအပ်တာ ဖြစ်တာကြောင့် ဒီစက်ရုံတွေလည်ပတ်ဖို့ ငွေကြေးနဲ့နည်းပညာအင်အား ဘယ်နေရာကရရှိတာလဲ ဆိုတာကိုလည်း  ဆန်းစစ်သွားရမှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့များ ကိုင်ဆောင်နေတဲ့ လက်နက်များဟာဆိုရင်လည်း ထိုင်း - မြန်မာ နယ်စပ်မှောင်ခိုလမ်းကြောင်းကနေ တင်သွင်းလာတဲ့ လက်နက်များပဲ ဖြစ်ပါတယ်။ EAO အဖွဲ့တွေနဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေ ကိုင်ဆောင်နေတဲ့ ဆက်သွယ်ရေးစက်တွေ၊ Drone တွေ၊ လက်နက်ခဲယမ်းတွေဟာ အဆိုပါအရင်းအမြစ်တွေက ရရှိနေတာပဲဖြစ်ပါတယ်။

 

MNDAA ၊ TNLA အကြမ်းဖက်သောင်းကျန်းသူများနဲ့ ဆက်စပ်အဖွဲ့တွေ သုံးနေ တဲ့ Drop Bomb တွေ၊ ရှော့တိုက်ဒုံးတွေဟာ နည်းပညာအရ  အဆင့်မြှင့်တင်ပြင်ဆင်ထားတဲ့ ပစ္စည်းများဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။ သူတို့ သုံးစွဲနေတဲ့ Drone တွေဟာ ပြည်ပဈေးကွက်မှာ ဝယ်ယူရရှိနိုင်ပေမယ့် ဒါတွေကို ပြင်ပကြေးစားနည်းပညာရှင်များနဲ့ ပူးပေါင်းပြီး နည်းပညာအရ အဆင့်မြှင့်တင်ထားတာတွေ၊ တိုက်ပွဲမှာ ပိုမိုအသုံးဝင်အောင် ပြုပြင်ထားတာတွေကို လည်းတွေ့ရှိရပါတယ်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဒီလိုအကြမ်းဖက်သောင်းကျန်းသူတွေကို တိုက်ခိုက်ခဲ့တဲ့အချိန်မှာ အရပ်သားပြည်သူတွေ မထိခိုက်စေဖို့ ချမှတ်ထားတဲ့ ကာကွယ်ခုခံပိုင်ခွင့်အတွက် ထိတွေ့တို က်ခိုက်မှု စည်းမျဉ်းများနှင့် အကြမ်းဖက်သောင်းကျန်းမှု နှိမ်နင်းရေးဆိုင်ရာ တည်ငြိမ်မှု စစ်ဆင်ရေးအတွက် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများနဲ့အညီ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရပါတယ်။ 

 

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးအားလုံးအတူတကွစုစည်းပြီး နေထိုင်ကြတဲ့နို င်ငံဖြစ်ပြီး တောတောင်ရေမြေကစပြီး လုပ်ကိုင်နေကြတဲ့ စီးပွားရေး အခြေအနေများအထိ ခွဲခြားလို့မရတာ တွေ့ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံသားတိုင်းဟာ မြန်မာနိုင်ငံအတွင်း မည်သည့်ချုပ်ချယ် ကန့်သတ်မှုမျိုးမှမပါဝင်ဘဲ လွတ်လပ်စွာသွား လာနေထိုင်ခွင့်၊ လွတ်လပ်စွာ ကုန်စည်ကူးသန်း ရောင်းဝယ်ခွင့်ရရှိရမှာဖြစ်ပါတယ်။ သောင်းကျန်းသူအဖွဲ့တွေ ကြီးစိုးလာတာနဲ့အမျှ ဒီအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေဟာ အလိုလိုဆုံးရှုံးလျက်ရှိပါတယ်။ ဒီလိုလူမျိုး နှီးနွှယ်တူညီမှု၊ ဘာသာစကားနှီးနွှယ် တူညီမှု၊ ရာဇဝင်အစဉ်အလာ၊ ယဉ်ကျေးမှု အစဉ်အလာတို့နဲ့ အညီအညွတ်ရှိမှုတို့ကို မထောက်ထားဘဲ သမိုင်းမှာမရှိခဲ့ဘူးတဲ့ ဒီလိုဆိုးရွားတဲ့ လူမျိုးစွဲဝါဒနဲ့လူမျိုးရေးအမြင် ကျဉ်းမြောင်းတဲ့  လုပ်ရပ်မျိုးကို လုံးဝလက်ခံမှာလည်းမဟုတ်ပါဘူး။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသဟာ တရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေပြီး တစ်နိုင်ငံလုံးရဲ့ နယ်စပ် ကုန်သွယ်ရေး အဓိကဆောင်ရွက်ရာဒေသလည်းဖြစ်ပါတယ်။ တစ်ဖက်နိုင်ငံနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းပေါ်မှာတည်ရှိတာကြောင့် ဒေသခံ ပြည်သူများဟာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေရှိခဲ့ပါတယ်။ဒါပေမယ့် သောင်းကျန်းသူတွေရဲ့ အကြမ်းဖက်တိုက်ပွဲ ဖော်ဆောင်မှုတွေကြောင့် လူမှုစီးပွားဘဝတွေ၊ ကလေးငယ်တွေရဲ့ ပညာရေးတွေ၊ လူငယ်လူရွယ်တွေရဲ့ အနာဂတ်ဘဝတွေဟာ ဘယ်လိုအိပ်မက်မှ မက်ခွင့်မရတော့ဘဲဆိတ်သုဉ်းရတော့မှာပဲ ဖြစ်ပါတယ်။ သောင်းကျန်းသူခေါင်းဆောင်တွေရဲ့ စစ်ဘုရင်ဝါဒတွေ ပြန်လည်ကြီးစိုးလာမှုနဲ့အတူ ဒီဒေသခံတွေဟာ ဟိုးယခင်က စစ်ဘုရင်ဝါဒ ကြီးစိုးခဲ့တဲ့ဒေသတွေလို ဥပဒေမဲ့ အနိုင်ကျင့်ခံရမှုတွေ၊ တရားမဲ့သတ်ဖြတ်ခံရမှုတွေ၊ မှန်ကန်တဲ့စီးပွားရေး လုပ်ငန်းတွေနေရာမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားလုပ်ငန်းတွေ၊ ပြောင်းနဲ့ကြံအစား ဘိန်းစိုက်ပျိုးရမှုတွေ၊ လူငယ်တွေဟာလည်း စာအုပ်နဲ့ဘောပင်အစား သေနတ်တွေကိုင်ရင်းနဲ့ ပြန်လည်ရှင်သန်ကြရတော့မှာလည်း ဖြစ်ပါတယ်။ အလင်းထဲကနေ အမှောင်ထဲကို ပြန်ရောက်ရတော့မယ့် အခြေအနေလည်းဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီလိုအခြေအနေမျိုး ပြန်ရောက်ချင်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ ကျွန်တော်တို့ ပြည်သူတွေဒီလိုအခြေအနေမျိုးရောက်မှာကို လည်းလုံးဝခွင့်ပြုပေးမှာ မဟုတ်ပါဘူး။

 

ဒီနေရာမှာ စီးပွားရေးနဲ့ပတ်သက်ပြီး အနည်းငယ်ပြောချင်ပါတယ်။ နိုင်ငံတစ်ခုရဲ့ စီးပွားရေးအင်အား တောင့်တင်းမှ ကျန်ရှိတဲ့အင်အားများဟာလည်း ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စီးပွားအရကျဆင်းပြီး နိုင်ငံရဲ့ကာကွယ်ရေးအင်အား လျော့နည်းအောင် မိမိတို့နိုင်ငံအပေါ်မှာ စီးပွားရေးအရ ပိတ်ဆို့တာတွေ၊ ကောလာဟလ သတင်းများဖြန့်တာတွေကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ကြိုးစားဖြေရှင်းဆောင်ရွက်ပြီး နိုင်ငံ့စီးပွားတိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံ့စီးပွားကောင်းမွန်စေဖို့အတွက် ထုတ်ကုန်များစွာ လိုအပ်တာကြောင့် ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်များ ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားကြရမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် အဓိကကျပြီး လက်ဆုပ်လက်ကိုင်ရှိနေတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ကုန်ထုတ်စွမ်းအားကို မြှင့်တင်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ လက်ရှိနေရာများရဲ့လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေတဲ့ ပြည်သူများဘေး အန္တရာယ်ကင်းရေးကို ဦးစားပေးစဉ်းစားပြီး ဆုတ်ခွာခဲ့ရတာလည်းရှိပါတယ်။ ဒါကို MNDAA၊ TNLA သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေနဲ့ နောက်ကွယ်ကနေ အားပေးအားမြှောက်ပြုနေတဲ့ ပြည်တွင်းပြည်ပက လောက်ကောင်တွေနဲ့ ချိတ်ဆက်ပြီး သူတို့ကိုခိုင်းစေတဲ့နိုင်ငံများရဲ့အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင် အင်အားလျော့လာအောင် ဝါဒဖြန့်ချိတာတွေ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းဘဲ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဖြေရှင်းနေမှုတွေကို ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ လုံးဝလက်ခံလို့ မရတာကြောင့် ဘုံရန်သူအဖြစ်သတ်မှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကိုသာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာပြည်ကြီး တည်ငြိမ်အေးချမ်းဖို့ အသက်၊ သွေးချွေးများ ရင်းနှီးပေးဆပ်ပြီး ကြိုးစားကာကွယ်ပေးကြတဲ့ ခေတ်အဆက်ဆက်က မြန်မာ့တပ်မတော်သားများနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနဲ့ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ ပြည်သူများဟာ မြန်မာပြည်ကြီးရဲ့ဦးဆောင်လမ်းပြတဲ့ သူရဲကောင်းတွေအဖြစ် အမြဲတည်ရှိနေမှာပါ။ အသိအမှတ်ပြု လေးစားအမှတ်ရနေမှာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်သားတွေရဲ့ မှန်ကန်တဲ့စိတ်ဓာတ်၊ ဇွဲမာန်ပြင်းပြမှုတွေ ကြောင့် နိုင်ငံတော်မှာ လက်နက်ကိုင်အကြမ်းဖက်တဲ့ လမ်းစဉ်ချုပ်ငြိမ်းပြီး တည်ငြိမ် အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုအပြည့်နဲ့ ပြည်သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီပွားဘဝတွေ ပြန်လည်တိုးတက်မှုရရှိအောင် ဆောင်ရွက်ပေးသွားရမှာလည်း ဖြစ်ပါ တယ်။

 

ကျွန်တော်တို့ မြန်မာ့တပ်မတော်ဟာ မြန်မာပြည်ကြီး လွတ်လပ်ရေးရရှိဖို့အတွက် ပြည်သူထဲက ပေါက်ဖွားလာတဲ့ အမျိုးသားရေးစိတ်ဓာတ်အပြည့်ရှိပြီး စွန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့စိတ် တစ်ခုတည်းနှင့်သာ မျိုးချစ်လူငယ်များနဲ့ စတင်တည်ထောင်ခဲ့တဲ့ တပ်မတော်ဖြစ်ပါတယ်။ ဒီတပ်မတော်ကပဲ အခက်အခဲအမျိုးမျိုးကြားကနေ ပြည်သူတစ်ရပ်လုံးရဲ့ အားပေးထောက်ခံမှုနဲ့ နိုင်ငံတော်တစ်ခုလုံးရဲ့ လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့ပါတယ်။ ယခုအချိန်မှာလည်း ရှေ့တန်းစစ်မျက်နှာအသီးသီးမှာ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို နိုင်ငံချစ်စိတ်ရှိသည့် ပြည်သူလူထုအဖွဲ့အစည်းများ၊ ဝန်ကြီး ဌာနများက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများ၊ အားပေးစာများကို တစ်ခဲနက် ဆောင်ရွက်ပေးနေကြတာကိုလည်း အားရဖွယ်ရာတွေ့ရပါတယ်။ အလားတူ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ နိုင်ငံရေးပါတီများနဲ့ ပြည်သူ့အဖွဲ့အစည်း အသီးသီးက အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ရှုံ့ချတာ၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကိုအရင်းခံပြီး Volunteer ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများက တပ်မတော်နှင့်နိုင်ငံတော်ကို ဝိုင်းဝန်းပြောဆို ထောက်ခံအားပေး နေတာကိုလည်း တွေ့ရှိရပါတယ်။  နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ ယခုလို ဆောင်ရွက်ပေးမှုများအတွက် အထူးကျေးဇူးတင်ရှိကြောင်းနှင့် ခွန်အားများဖြစ်ပေါ်ရသည်ကို လည်းပြောကြားလိုပါတယ်။ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ ရရှိပြီးသား လွတ်လပ်ရေးကြီးတည်တံ့နေဖို့၊ ပြည်ထောင်စုကြီး တည်တံ့နေဖို့ ပြည်သူ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ကာ ကာကွယ်စောင့်ရှောက်ပေးခဲ့တာ ဒီနေ့အချိန်အထိလည်းဖြစ်ပါတယ်။ ဒီနေ့ဒီအချိန် အခါမှာလည်း နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့အတွက် နိုင်ငံတော် ကာကွယ်ရေး တာဝန်တွေ ထမ်းဆောင်ရင်း ကျဆုံး၊ ပျောက်ဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရဲမေများ၊ မိသားစုဝင်များအတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှုကို ဘယ်တော့မှ မေ့ပျောက်ပစ်မှာမဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့ ချီးကျူးဂုဏ်ပြုခြင်းများ၊ ရရှိရမယ့်အခွင့်အရေးများနဲ့ ကူညီစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးသွားမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်သားတိုင်းဟာ ရှေးက လွတ်လပ်ရေးအတွက် အသက်ခန္ဓာစွန့်လွှတ်ကာ တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တော်တွေလိုပဲ တန်ဖိုးရှိတဲ့ပြည်သူ့သားကောင်း ရတနာတွေဖြစ်ကြောင်း ဂုဏ်ပြုပြောကြားလိုပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ခေတ်ဆက်ဆက်ပေါ်ပေါက်လာတဲ့ ပြည်ပ ကျူးကျော်သူတွေနဲ့ ပြည်တွင်းသောင်းကျန်းသူ အမျိုးမျိုးရဲ့ဒဏ်ကို မြန်မာ့တပ်မတော်နဲ့ လက်တွဲပြီး ကြံ့ကြံ့ခံအောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြတဲ့သူတွေပဲဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်သူပူးပေါင်းပြီး ပြည်တွင်းပြည်ပအန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသလို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းလည်း ရှိကြပါတယ်။ ကျွန်တော်တို့ ပြည်သူတွေသတိပြုရမှာက ဒီနေ့ကမ္ဘာ့ရေးရာ အခြေအနေတွေဟာ အင်မတန်မှနက်နဲရှုပ်ထွေးလာတာကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့နေစေဖို့ ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်ဖို့ လိုပါတယ်။ စည်းလုံးညီညွတ်မှုအားနဲ့သာ ရင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက် အသက်သွေးချွေးများ ရင်းနှီး ပေးဆပ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ မျိုးချစ်ပြည်သူများက ဦးဆောင်ဆင်နွှဲနေတဲ့ တရားသော စစ်အောင်မြင်ဖို့ ကျွန်တော်တို့ ပြည်သူအားလုံးက ယုံကြည်စွာနဲ့ ဝိုင်းဝန်းပေးကြဖို့လိုအပ်ပါတယ်။ တပ်မတော်နဲ့ မျိုးချစ်ပြည်သူလူထုရှိနေသမျှ မြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရပါမယ်။ တည်တံ့ခိုင်မြဲအောင်လည်း လုပ်ဆောင်ပါမယ်။ စည်းလုံးသောအင်အားဖြင့် အမိနိုင်ငံတော်ကြီးကို ကာကွယ်စောင့် ရှောက်ကြပါစို့ ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။