နေပြည်တော် ဩဂုတ် ၉
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဖိတ်ကြား၍ နိုင်ငံတော်၏ ပြည်သူ့ဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) ဆိုင်ရာ အခြေခံအသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁)၊ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများ အားလုံးသည် စီးပွားရေး၊ နိုင်ငံခြားဆက်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘာသာရပ်များကို အသုံးချကာ ပြည်သူ့ဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဦးတည် ဆောင်ရွက်ရာတွင် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence-AI) နှင့် ဆက်စပ်ဆောင်ရွက် နိုင်မှုကို သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးဖြစ်ပေါ်တိုးတက်မှု စနစ်သည် အဓိကအားဖြင့်လူသားများ၏ လိုအပ်ချက်ဖြစ်သော စားဝတ်နေရေးဖြည့်ဆည်း နိုင်ရေးအတွက် ဖြစ်ကြောင်း၊ ထုတ်လုပ်မှုသွင်း အားစုများဖြစ်သည့် မြေယာ၊ လုပ်သား၊ အရင်းအနှီးများဖြင့် သမရိုးကျထုတ်လုပ်မှုမှ နောက်ပိုင်းတွင် စွန့်ထွင်ဦးစီးမှု ထည့်သွင်းလာကြပြီး အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်း လဲလာခဲ့ကြောင်း။
မိမိတို့နိုင်ငံတွင် နိုင်ငံတော်မှ ချမှတ်ထားသောလုပ်ငန်းစဉ်များနှင့် ဒီဂျစ်တယ် နည်းပညာသစ် များ၏ လျင်မြန်စွာ ပြောင်းလဲမှုတို့ လိုက်လျောညီထွေရှိစေရန် “Myanmar e- Governance Master Plan 2030” ကိုရေးဆွဲ ထားပြီးဖြစ်သည့်အပြင် ဉာဏ်ရည်တု (AI) AI Usage Policy ကို လည်းရေးဆွဲလျက်ရှိကြောင်း၊ ယနေ့ဆွေးနွေးပို့ချသည့် AI နည်းပညာဆိုင်ရာ အခြေခံအသိပညာ များသည် ဝန်ကြီးဌာနမှအကောင်အထည် ဖော်လျက်ရှိသည့် e-Government မှ Digital Government သို့ ပြောင်းလဲရေးတွင် အထူးအရေးပါပြီး တန်ဖိုးရှိသည့်အတွက် တက်ရောက်သူများက သေချာစွာ လေ့လာကြစေလိုကြောင်းနှင့် ယနေ့သိရှိရသော AI နည်းပညာဆိုင်ရာ အသိပညာများဖြင့် ဝန်ကြီး ဌာန၏ e-Government သို့ အသွင်ကူးပြောင်းရေး ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေးပွဲကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ နေပြည်တော်နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုး လင်းအောင်က ဉာဏ်ရည်တု နည်းပညာ (Artificial Intelligence-AI) ဆိုင်ရာ သိရှိထားသင့်သည့် အခြေခံ အကြောင်းအရာများ၊ ဉာဏ်ရည်တုနည်းပညာ (AI)နှင့် ကျင့်ဝတ်၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအဆိုပြုချက်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ အပါအဝင် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးလုပ်ငန်းများတွင် AI နည်းပညာဖြင့် ပံ့ပိုးပေးနိုင်မှု အကြောင်းအရာများနှင့် အနာဂတ် AI ဆိုင်ရာ အသိပညာများကို မျှဝေဆွေးနွေးခဲ့ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာခင်မာစိုးက AI နည်းပညာ ဆိုင်ရာ အကြောင်း၊ သုတေသနများတွင် အသုံးဝင်မှုများ၊ ကောင်းကျိုးများ၊ risks နှင့် အန္တရာယ်ရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက် လာကြသူများက စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးရုံးများမှ Onlineဖြင့် တက်ရောက်ကြသည်။
(သတင်းစဉ်)


