နေပြည်တော် ဇွန် ၁၆
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၁၆)ကို “ နိုင်ငံတော် ၏ ပုံသေပိုင် ပစ္စည်းများထိန်းသိမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် ဆုံးရှုံးမှုများအား အရေးယူ ဆောင်ရွက်ခြင်း ” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်း ခန်းမတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပုံသေပိုင်ပစ္စည်းစီမံ ခန့်ခွဲမှုသည် အလွန်အရေးကြီးသဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ ရှိ ပုံသေပိုင်ပစ္စည်းများကို ပစ္စည်းစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ဆောင်ရွက်ရန် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းတွင် ပြဋ္ဌာန်း ထားပါကြောင်း၊ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံးအနေဖြင့်လည်း နိုင်ငံပိုင်ပစ္စည်းများ ရယူထိန်းသိမ်းခြင်း၊ အသုံးပြုခြင်း၊ စာရင်းရေး သွင်းခြင်း၊ ထုခွဲရောင်းချခြင်းတို့နှင့် စပ်လျဉ်း၍ စစ်ဆေးရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၁၁ (ဇ) အရ တာဝန်ရှိပါကြောင်း၊ စာရင်းစစ်ဆေးရာတွင်လည်း ပုံသေပိုင်ပစ္စည်း စာရင်းစစ်ဆေးခြင်း ကို သီးခြားအပိုင်း (Section) တစ်ခုအနေဖြင့် ထည့်သွင်းစစ်ဆေးရပါ ကြောင်း။
သို့ပါ၍ ယနေ့ဆွေးနွေးမှုများကို အသိပညာဖလှယ်ခြင်းသာမက ပညာရပ် ဆိုင်ရာ ဖလှယ်ခြင်းများကိုပါ ရှုထောင့်ပေါင်းစုံမှ စနစ်တကျပါဝင်ဆွေးနွေးခြင်းဖြင့် နိုင်ငံ၏အနာဂတ် လုပ်ငန်းများကို ထိထိရောက်ရောက်စစ်ဆေးနိုင်သည့် စာရင်းစစ် ဝန်ထမ်းကောင်းများဖြစ် စေရေး ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှလှကျိန်က ပုံသေ ပိုင်ပစ္စည်းများဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လွှဲပြောင်းခြင်း၊ ပုံသေပိုင်ပစ္စည်း စာရင်းမှပယ်ဖျက်ခြင်းနှင့် ဆုံးရှုံးမှုများကို အရေးယူ ဆောင်ရွက်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များ ကိုဆောင်ရွက်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များ၊ ပုံသေပိုင်ပစ္စည်းစစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများကို ရှင်းလင်း ဆွေးနွေး သည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယ အမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးမေးမြန်း ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး/စီမံ)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် စာရင်းစစ်မှူးများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ စုပေါင်း ခန်းမနှင့် နေပြည်တော် သင်တန်း ကျောင်းခန်းမ(၂)ခု၊ မြန်မာနိုင်ငံစာရင်း ကောင်စီရုံး ခန်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးတို့မှ Virtual စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)