နေပြည်တော် အောက်တိုဘာ ၃၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာသော လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေး အစီအမံများကို နည်းလမ်းပေါင်းစုံဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။
ယနေ့နံနက်ပိုင်းက သံတွဲခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ကျင်းပသည့် ရခိုင်ပြည်နယ် အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပြီး တရားမဝင် ရယူသုံးစွဲမှုများကြောင့် လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရန်၊ လျှပ်စစ်ဓာတ်အားခများ သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး အောက်ခြေထိ ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်သွားရန်၊ တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်များကို ကြိုတင်တွက်ချက်၍ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရန်နှင့် လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး ပညာပေး သတိပေးခြင်းနှင့် ဓာတ်အားလိုင်းများ တစ်လျှောက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း သွားကြရန် မှာကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသေးသည့် ဓာတ်အားမရရှိသေးသည့် မြို့များနှင့် ကျေးရွာများသို့ ဓာတ်အားရောက်ရှိ ဖြန့်ဖြူးပေးနိုင်ရန် အတွက် ၃၃ ကေဗွီ ဓာတ်အားခွဲရုံများ အပါအဝင် ဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အားလိုင်းများကို ကြိုတင်တိုင်းတာတွက်ချက်မှုများ ဆောင်ရွက်ပြီး နှစ်အလိုက် ရန်ပုံငွေလျာထားနိုင်ရန် ပြည်နယ်အစိုးရသို့ တင်ပြ၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင်ပြန်လည်ဝင်ရောက် လာမည့် နေရပ်စွန့်ခွာသူများအတွက် ပြန်လည်စိစစ်လက်ခံရေးစခန်း၊ ယာယီကြားစခန်းများ နှင့် လျာထားကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံချက်များဖြင့် စနစ်တကျ ဆောင်ရွက်ထားရန်နှင့် လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးတို့က ရခိုင်ပြည်နယ်အတွင်း နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲမှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သံတွဲမြို့နှင့် အနီးပတ်ဝန်းကျင် ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ၆၆ ကေဗွီသံတွဲ (နန်းချောင်း) ဓာတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားစနစ် ကြံ့ခိုင်ရေးအတွက် ပုံမှန်ထိန်းသိမ်း စစ်ဆေးဆောင်ရွက်ရန်၊ ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ပစ္စည်းများကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန်၊ ဓာတ်အား ပြတ်တောက်မှု Line Fault နှင့် Line Losses လျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်ရန် မှာကြားကာ ဓာတ်အားခွဲရုံ ထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှု နှင့် Switch Yard အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်