ဘားအံ စက်တင်ဘာ ၂၀
ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်မည့် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုမည့် အစီအမံများနှင့် အဆောက်အဦဖွံ့ဖြိုးမှုစီမံကိန်းများ ပါဝင်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကောင်းမွန်ပြီး အချက်အလက် အထောက်အထားပြည့်စုံသည့် လုပ်ငန်းစီမံကိန်းများဖြစ်ရန်လိုကြောင်း၊ ယခင်ဆောင်ရွက်ခဲ့သည့် အားနည်းချက်/ အားသာချက်များကို စိစစ်သုံးသပ်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးအဆိုပြုရန်လိုကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောကြားသည်။
ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည့် ကရင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ရေးဆွဲအဆိုပြုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ပြောကြားခြင်းဖြစ်သည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က သက်ဆိုင်ရာဌာနများအနေဖြင့် စီမံကိန်းဆိုင်ရာများ ပြည့်ပြည့်စုံစုံတင်ပြရန်နှင့် မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိစေရေး လုပ်ငန်း/လုပ်ငန်းစီမံကိန်းများကို ကြိုတင်လေ့လာဆန်းစစ်မှု ပြည့်ပြည့်စုံစုံပြုလုပ်ပြီးမှ အဆိုပြုတင်ပြရန် ဆွေးနွေးမှာကြားပြီး ပြည်နယ်စီမံကိန်းမှူး ဦးချစ်ဝေက ကရင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဌာန/ အဖွဲ့အစည်းများ၏ အဆိုပြုချက်များ(အကျဉ်းချုပ်)ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်း အဆိုပြုချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက တင်ပြချက်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က ပြည်နယ်အတွင်း အသက် (၁၈) နှစ်အောက်အရွယ်ရှိ အလုပ်လုပ်ကိုင်နေသည့် ကလေးဦးရေစာရင်း ကောက်ယူထားရှိမှု၊ သက်မွေးသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနိုင်မှုစသည့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ကလေးအလုပ်သမားနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လုပ်ငန်းကော်မတီအလိုက် အတွင်းရေးမှူးများက မိမိတို့ကော်မတီ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းဖြည့်စွက် အကြံပြုဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်