နေပြည်တော်၊ ဩဂုတ် ၂၅
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြု ပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ဩဂုတ် ၂၃ ရက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီး ဌာန(၁)၊ (၂)၊(၃)၊(၄) တို့မှ ဝန်ထမ်းမိသားစုများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မိသားစုများ၊ ဗမာလူငယ်များအစည်းအရုံး၊ သီရိခေတ္တရာဖောင်ဒေးရှင်း ဝန်ထမ်းမိသားစုများနှင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် စေတနာရှင်အလှူရှင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌရုံးဝန်ကြီး ဌာန (၁)၊(၂)၊(၃)၊(၄) တို့မှ ဝန်ထမ်းမိသားစုများနှင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့် ငွေကျပ် တစ်ရာလေးဆယ့်ငါးသိန်း ခြောက်သောင်းတစ်ထောင့်တစ်ရာနှင့် ငွေကျပ်တစ်ရာ ခြောက်ဆယ့်ကိုးသိန်း ကိုးသောင်းခုနှစ်ထောင် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်ကြရာ တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ထို့နောက် အလှူရှင်များက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများအား ရှေ့တန်းစစ်မျက်နှာ အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်
 

 

mdn