နေပြည်တော် အောက်တိုဘာ ၂၅
နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန် တာဝန် ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံ တော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက် စာရင်းပေးသွင်းကြသည့် လူငယ် များကို ပြည်သူ့စစ်မှုထမ်း သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ
နယ်မြေခံသင်တန်းကျောင်း အသီးသီးတွင် ကျင်းပ
ယခုအခါ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၄)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် များအလိုက် နယ်မြေခံသင်တန်း ကျောင်းအသီးသီးတွင် ကျင်းပပြုလုပ်ကြသည်။ အဆိုပါသင်တန်း ဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော် အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။
ထို့နောက် သင်တန်းကျောင်းများအလိုက် သင်တန်းဆင်း ထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြ ထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည် တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင် ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင် အကောင်းဆုံးဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း အမှာစကားများ ပြောကြားကြသည်။
သင်တန်းဆင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြား
သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသော နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၄)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များအား တွေ့ဆုံ အမှာစကား ပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး ကြသည်။
အထွေထွေဘာသာရပ်များကို အဆင့်ဆင့်လေ့ကျင့်သင်ကြား
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄)ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၅ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်း ကာလအတွင်း ကြံ့ခိုင်ရေးဘာသာ ရပ်၊ စစ်ရေးပြဘာသာရပ်၊ ခြေလျင် လက်နက်ငယ်ဘာသာရပ်များကို လည်းကောင်း၊ စစ်နည်းဗျူဟာ ဘာသာရပ်ကို လည်းကောင်း စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြား လေ့ကျင့်ခဲ့ကြပြီး စစ်မြေပြင်အင်ဂျင်နီယာဘာသာ ရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေး ဘာသာရပ်နှင့် အထွေထွေဘာသာ ရပ်များကိုလည်း ရက်သတ္တပတ် အလိုက် အဆင့်ဆင့် လေ့ကျင့် သင်ကြားခဲ့ကြကြောင်း သိရှိရသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေး အတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည် ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ် ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှု ထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နိုင်ငံသားများ၏ အခွင့်အရေး ကို ကာကွယ်စောင့်ရှောက်ပေး လျက်ရှိပြီး နိုင်ငံသားများအနေ ဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့ သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို ထမ်းဆောင်နေကြပြီ ဖြစ်သည်။
ယနေ့တွင် သင်တန်းဆင်းခဲ့ ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း စစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ် ကျစွာ လုပ်ကိုင်ဆောင်ရွက်တတ် သည့် အလေ့အကျင့်များ (Team-Work) ရရှိခဲ့ပြီး နိုင်ငံချစ်စိတ် (Nationalism)၊ မျိုးချစ်စိတ် (Patriotism)၊ အဖွဲ့အစည်းစိတ် (Team Sprit)၊ ရဲဘော်ရဲဘက်စိတ် (esprit de corps) အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ကြတော့မည် ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄)တွင် တက်ရောက် ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့ အကျင့်ကောင်းများ၊ ယုံကြည် ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန် ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင် သွားမည့်အခြေအနေများနှင့်ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့ သားကောင်း စစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ်။
“ဒီသင်တန်းတက်ရောက်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကို ကာကွယ်ဖို့နဲ့ နိုင်ငံက လိုအပ်လာတဲ့ အခါကျတော့ ကျွန်တော့်ဘက်က အသင့်ဖြစ်အောင်လို့ ဒီသင်တန်းကို လာရောက်တက်တာပါ။ ကျွန်တော်က တစ်ကျောင်းလုံးရဲ့ကိုယ်စား အနေနဲ့ စံပြဆုကို ရရှိခဲ့တာပါ။ ဒီဆုကိုရရှိဖို့ တော်တော့ကိုလည်း ကြိုးစားခဲ့ရပါတယ်။ သင်ခန်းစာ တွေအားလုံးကို စိတ်ပါဝင်စားစွာ နဲ့ လုပ်ဆောင်ခဲ့ပါတယ်။ အကျင့် စာရိတ္တ ကောင်းမွန်အောင် စည်းကမ်းကအစ အကုန်လုံးကို တလေးတစားနဲ့ လိုက်လုပ်ဆောင် ခဲ့ရပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ်။ နောက်ပြီး နိုင်ငံတော်ကိုလည်း ကာကွယ်လို့ရတယ်။ ကျွန်တော်တို့ သင်တန်းကာလ တွေပြီးသွား တဲ့အခါ ကိုယ့်တာဝန် ကိုယ်ပြီးဆုံးတဲ့အခါ ကျွန်တော်တို့ ရပ်ရွာက မိသားစုတွေကိုလည်း ကာကွယ်လို့ရတယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ပါတယ်။ စစ်ပညာတွေလည်း သင်ကြားတတ်မြောက်ပြီးဖြစ်တဲ့အတွက် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မယ်လို့ စိတ်ကူးထား ပါတယ်ခင်ဗျ။”
“ကျွန်တော် လာရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော် ကိုကာကွယ်ဖို့နဲ့ ကျွန်တော်တို့ မိသားစုကို ကာကွယ် နိုင်ဖို့အတွက် ဝင်ရောက်ရခြင်း ဖြစ်ပါတယ်။ ဒီမှာသင်ကြားခဲ့တဲ့ ပညာရပ်တွေနဲ့ မိသားစုတင်မကဘဲနဲ့ ရပ်ရွာ အေးချမ်း သာယာရေးအတွက် ရော၊ ပြည်သူလူထုအတွက်ရော၊ နိုင်ငံတော်အတွက်ရော ကာကွယ်သွားဖို့ အစီအစဉ်ရှိပါတယ်။ သင်တန်းက အကျိုးကျေးဇူးရ ခဲ့တာတွေကတော့ အများနဲ့ ဆောင်ရွက်တတ်တဲ့ အကျိုး ကျေးဇူးတွေ၊ ပြီးတော့ကိုယ်ချင်း စာနာတတ်မှုတွေ ဒီရောက်မှ ပိုပြီးသိရှိလာရတယ်။ နောက်ပြီး တပ်မတော်သား တွေရဲ့ အနေအထိုင် ပြုမူကျင့်ကြံတာတွေ နားလည်လာတယ်။ ပင်ပန်း နွမ်းနယ်မှုတွေ၊ ရှေ့တန်းမှာ ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်တွေ ကာကွယ်ပေးရတဲ့ ရည်ရွယ်ချက်တွေ၊ ပြီးရင် ဆောင်ပုဒ်တွေ အများကြီး နားလည်လာတယ်၊ သိရှိလာရတယ်။ ဒီအတွက် ကိုယ်ချင်းလည်းစာတယ်။ ဒီဟာတွေကို သိရှိလာရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် စစ်သား ဖြစ်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ စရောက် တော့ တော်တော်လေးခက်ခဲပါ တယ်။ နောက်မှ တဖြည်းဖြည်း ချင်း Step by Step သွားရင်း နဲ့မှ သူငယ်ချင်းတွေနဲ့၊ အများနဲ့ ပူးပေါင်း ဆောင်ရွက်တတ်လာတယ်။ အဲဒီ အားသာချက်လေးတွေ ရှိလာတယ်။ ဒီရောက်တော့ စည်းကမ်းရှိလာတယ်။ အရာရာ အားလုံးလည်း ပြတ်သွားတယ်။ အရင်တုန်းက တော်တော်လေး ဆိုးခဲ့တဲ့ ဘဝကနေ အခုဆို တော်တော်လေးလိမ္မာလာတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်မိတယ်။ လာရောက်ပြီး နောက်ထပ် သင်တန်းတက်မယ့် ညီအစ်ကိုတွေအတွက် ဘာမှအားမငယ်ပါနဲ့ ဒီကိုရောက်ရင် အားလုံးအဆင်ပြေ မှာပါ။ ဒီရောက်လာရင် ပိုပြီးစည်းကမ်းရှိလာမယ်။ အမိန့် နာခံတတ်မှုတွေ ရှိလာမယ်။ အများနဲ့ ပူးပေါင်းဆောင်ရွက် တတ်မှုတွေရှိလာမယ်။ အဲဒီ အကျိုးကျေးဇူးတွေရမှာပါ။ ညီအစ်ကိုတို့ အနေနဲ့ ဒီရောက်တဲ့ အခါမှာလည်း ဘာမှကြောက်နေ စရာမလိုပါဘူး။ အားလုံးအဆင်ပြေသွားမှာပါလို့ ပြောချင်ပါ တယ်ခင်ဗျ။
ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်း အသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၄)မှ နိုင်ငံ့သားကောင်း စစ်သည်များကို သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


