နိုင်ငံတော်ကို စောင့်ရှောက်ကာကွယ်

နေပြည်တော် ၂၈ မတ်

အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ဖွဲ့စည်းခဲ့သော တပ်မတော် မြန်မာနိုင်ငံတွင် အဓွန့်ရှည်ထည်ဝါစွာ ရပ်တည်နေသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် တပ်မတော် စတင်သန္ဓေတည် ပေါ်ပေါက်လာစဉ်မှ ယနေ့ ကာလအထိတိုင် ပြည်တွင်း၊ ပြည်ပ အန္တရာယ်ရန်စွယ်တို့ကိုတွန်းလှန်ကာကွယ်ခဲ့ကြသည်။

 

နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးရရှိရေး ကြိုးပမ်းမှုကာလများတွင်သာမက ပြည်တွင်းလုံခြုံမှု၊ ပြည်ပကျူးကျော်မှုတို့ကို နိုင်ငံနှင့် ပြည်သူအား ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေး၊ ပါတီစုံဒီမိုကရေစီစနစ်ပေါ်ပေါက်ရေး၊ ဒီမိုကရေစီလုပ်ငန်းစဉ်များတွင်လည်း ပါဝင်ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

 

တပ်မတော်သည် အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဦးလည်မသုန်ထမ်းဆောင်လျက်ရှိပြီး တိုင်းပြည်တွင် အရေးကိစ္စကြုံလာတိုင်း၊ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်ပေါ်လာတိုင်း ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ခဲ့သည်မှာ အမှန်ဖြစ်သည်။ နိုင်ငံတော်၏ ပိုင်နက်နယ်မြေကို တစ်လက်မမျှ အထိမခံရရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို မထိပါးလာရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်များကို ကျေပွန်စွာထမ်းရွက်လျက်ရှိသည်။

 

တပ်မတော်ကို တိုင်းရင်းသားပြည်သူများနှင့် ဖွဲ့စည်းထားပြီး ပြည်ထောင်စုကြီးကို ကိုယ်စားပြုသည့် တပ်မတော်အဖြစ် ရပ်တည်လျက်ရှိသည်။ တပ်မတော်အနေဖြင့် အဓိကဦးထိပ်ပန်ဆင်ထားသည်မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အမျိုးသားရေးတာဝန်ဖြစ်သည်။ (၇၃)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်ကို လေ့လာကြည့်မည်ဆိုလျှင် အဆိုပါအချက်များအား ရည်ညွှန်းထားသည်ကိုတွေ့ရသည်။

 

နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်မှ ကူညီဆောင်ရွက်ပေးရေးကို ဦးတည်ထားသည်။ ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းနှင့်အညီ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စုကြီးအဖြစ် ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေးအတွက်လည်း ပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။

 

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် နိုင်ငံရေးနည်းအရ မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်မှုများတွင် တပ်မတော်သည် ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်နေသည်။ နိုင်ငံတကာနှင့်ယှဉ်၍ တပ်မတော်ကို ခေတ်မီတပ်မတော်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လေ့လာခြင်း၊ လေ့ကျင့်ခြင်း၊ လိုက်နာခြင်းဟူသည့် တပ်မတော်၏ လုပ်ငန်းစဉ်နှင့်အညီ စွမ်းရည်သုံးရပ်မြင့်မားရေးကို စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်နေသည်ကို တွေ့ရသည်။

 

နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်သည် အရေးကြီးသော အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်အင်အားရှိမှသာလျှင် တိုင်းပြည်မပြိုကွဲအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ တပ်မတော် အင်အားလျော့နည်း၍ နယ်ချဲ့တို့က သုံးကြိမ်သုံးခါ ကျူးကျော်စစ်ဆင်နွှဲပြီး မြန်မာနိုင်ငံအား သိမ်းပိုက်ခဲ့သည်ကို သတိမူရမည်ဖြစ်သည်။ ထိုစဉ်အခါက မြန်မာ့တပ်မတော်ကြီး အင်အားတောင့်တင်းခိုင်မာလျှင် နယ်ချဲ့တို့ ကျူးကျော်သိမ်းပိုက်နိုင်လိမ့်မည်မဟုတ်ချေ။ 

 

နိုင်ငံတော်ကို တပ်မတော်က ကာကွယ်စောင့်ရှောက်ရာ၌ ပြည်သူတို့၏ ထောက်ခံအားပေးမှုသည် အရေးကြီးသဖြင့် စည်းလုံးညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်ကြရမည် ဖြစ်သည်။ မျက်မှောက်ကာလတွင် ပြည်တွင်းရန်၊ ပြည်ပရန်များရှိနေသေးသောကြောင့် နိုင်ငံတော်ကို ထာဝစဉ်ကာကွယ်စောင့်ရှောက်သွားလိမ့်မည်ဟု ယုံကြည်ပါသည်။  ။

(ကြေးမုံ)