ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

 

နေပြည်တော် ဖေဖော်ဝါရီ ၅

 

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံ တကာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဆရာကြီး ဆရာမကြီးများ၊ ပါမောက္ခများ၊ Doctor of Science ဘွဲ့ရရှိထားသည့် တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်း ပြည်ပ စာတမ်းရှင်များ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် ဖွင့်ပွဲအခမ်းအနား ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့သည် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၉၉ ခုနှစ်မှစပြီး နိုင်ငံ တစ်ဝန်းလုံးရှိ တက္ကသိုလ်များမှ ဝိဇ္ဇာသိပ္ပံပညာရပ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် မီးရှူး တန်ဆောင်ဖြစ်သည့် သုတေသနညီလာခံကြီးများ ကျင်းပလာသည်မှာ ယခုအခါ (၂၅)ကြိမ်မြောက် ငွေရတုတိုင်ခဲ့ပြီဖြစ်ကြောင်း။

 

သုတေသနဆိုသည်မှာ အကြောင်းအရာတစ်ရပ်ကို ခြေခြေမြစ်မြစ်သိရှိနိုင်ရန် ပညာအမြော်အမြင်နှင့် လေ့လာရှာဖွေ ဖော်ထုတ်ခြင်းပင်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်းသည် သုတေသနပြုမှုများကို အထူးဦးစားပေးအဖြစ် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြသည်ကို တွေ့ရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများ ပြုလုပ်ကြရန် အထူးလိုအပ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မှုတိုင်းတွင် ပြန်လည်သုံးသပ်မှု၊ သုတေသနပြုလုပ်မှုနှင့် ဆန်းသစ်တီထွင်မှုများရှိမှသာ တိုးတက်အောင်မြင်မည် ဖြစ်ကြောင်း၊ သုတေသီများ၏ ပညာရပ်ဆိုင်ရာဖန်တီးမှု စွမ်းရည်များသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည့် စစ်မှန်သော အင်အားတစ်ရပ်ပင် ဖြစ်ကြောင်း။

 

ပညာဆိုသည်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရန် အခြေခံအုတ်မြစ် ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အသိပညာ အတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်း၊ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် နည်းပညာအသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ဖော်ထုတ်ကြရမည် ဖြစ်ကြောင်း။

 

ပညာရေး၊ သိပ္ပံနှင့် နည်းပညာဆိုသည့် ကဏ္ဍ (၃) ရပ်သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး သုတေ သနနှင့် တီထွင်ဆန်းသစ်မှုများကို ပေါင်းစပ်လိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်း ကြီးပွားတိုးတက်ရေးအတွက် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ် ပေါ်ထွက်လာမည်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံသည် သမိုင်းအစဉ်အလာကြီးမားပြီး ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည့်အတွက် မြန်မာမှု၊ မြန်မာ့ဟန်များ မပျောက်ပျက်အောင် တန်ဖိုးထားထိန်းသိမ်းပြီး မြန်မာ့ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ်သကဲ့သို့ ၂၁ ရာစု၏ ခေတ်မီနည်းပညာ တိုးတက် ပြောင်းလဲမှုများကို မျက်ခြည်မပြတ်အမီလိုက်ပြီး ခေတ်မီနိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ကြရန်လည်း အရေးကြီးကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဝိဇ္ဇာနှင့်သိပ္ပံပညာရပ် နယ်ပယ်အားလုံး ဟန်ချက်ညီညီ အားကောင်းလာရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဝိဇ္ဇာနှင့်သိပ္ပံ အသိပညာရှင် အတတ်ပညာရှင်များအားလုံး အတူတကွပူးပေါင်း ဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံ့အကျိုးစီးပွားကို အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်အောင် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း။

 

နိုင်ငံတော်အနေဖြင့် အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ သုတေသနလုပ်ငန်းများမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာသစ်များ ဖော်ထုတ်ပြီး အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်နှင့် ဈေးကွက်သစ်များ ချဲ့ထွင်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးအတွက် အရည်အသွေးပြည့်ဝသည့် သုတေသနအခြေပြု ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးသွားကြရမည် ဖြစ်ကြောင်း။

 

သုတေသနသည် တက္ကသိုလ်များ၏ အသက်သွေးကြောဖြစ်ကြောင်း၊ သုတေသနဆောင်ရွက်မှုများမှ တစ်ဆင့် မိမိတို့သင်ယူလေ့လာနေသည့် ပညာရပ်နယ်ပယ်တွင် ပိုမိုတတ်ကျွမ်းထူးချွန်လာမည်ဖြစ်ကြောင်း၊ သုတေသနများမှ ရရှိလာသည့်နည်းပညာအသစ်များကို စက်မှုလက်မှုကဏ္ဍများတွင် လက်တွေ့အသုံးချပြီး နိုင်ငံတော်က အားကိုးအားထားပြုရသော အရည်အသွေးမြင့် တက္ကသိုလ်များ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း။ 

 

သုတေသန လုပ်ငန်းများသည် ရလဒ်ဖော်ထုတ်ပြီး တစ်ကြိမ်တည်းဖြင့် ရပ်တန့်သွားမည် မဟုတ်ဘဲ ရှေးဦးရလဒ်ကိုအခြေပြုပြီး တစ်ဆင့်ပြီးတစ်ဆင့် စဉ်ဆက်မပြတ် သုတေသနဆောင်ရွက်သွားမှသာ တိကျမှန်ကန်သည့် တွေ့ရှိချက်အသစ်များ ရရှိနိုင်မည် ဖြစ်ကြောင်း၊ သုတေသနရလဒ်များမှတစ်ဆင့် ပိုမိုကောင်းမွန် ပြည့်စုံသည့် လူမှုအသိုက်အဝန်းကို ပုံဖော်ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများအတွက် ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများသည် ရေရှည် အကျိုးရလဒ်များ အများဆုံးဖြစ်ထွန်းပြီး နိုင်ငံကြီးပွားတိုးတက်နေကြသည်ကို အထင်အရှား တွေ့မြင်ရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် တက္ကသိုလ်များ အတွက် သုတေသနအသုံးစရိတ်များ၊ သုတေသနဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သုတေသနစင်တာများ ဖြည့်ဆည်းပံ့ပိုး ပေးလျက်ရှိကြောင်း။

 

ထို့အပြင် တက္ကသိုလ်များတွင် သုတေသနအခြေပြု ခေတ်မီသင်ကြားနည်းများကို အသုံးပြု သင်ကြားနေသည့်အပြင် မြန်မာ့ရိုးရာ အမွေအနှစ်များကို ဖော်ထုတ်ပြသသည့် ယဉ်ကျေးမှုပွဲတော်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အသင်းအဖွဲ့အလိုက် လှုပ်ရှားမှုများ၊ လူငယ်စကားဝိုင်းများ၊ အလုပ်အကိုင်အခွင့်အလမ်း ဆိုင်ရာဆွေးနွေးပွဲများစသည့် ကဏ္ဍစုံလှုပ်ရှားမှုများမှ တစ်ဆင့် ကျောင်းသားများကို အသိပညာဗဟုသုတပြည့်စုံအောင်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားအောင်၊ အရည်အသွေး ပြည့်ဝအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

 

ယနေ့ညီလာခံတွင် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍကြီးများ ရေရှည်ဖွံ့ဖြိုးရေးဆိုသည့် ဦးတည်ချက်နှင့်အညီ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်အသီးသီးမှ ဘာသာရပ် ၃၃ မျိုးအတွက် သုတေသန စာတမ်းပေါင်း ၃၁၂ စောင် ဖတ်ကြားသွားမည်ဖြစ်ပြီး အကောင်းဆုံးသုတေသနဆုများ၊ အကောင်းဆုံး စာတမ်းဆုများ ချီးမြှင့်သွားမည်ဟု သိရှိရကြောင်း၊ ယခုညီလာခံတွင် ဖတ်ကြားခဲ့သည့် စာတမ်းများအနက် ဘာသာရပ်အလိုက် အဆင့်မီသည့် သုတေသနစာတမ်းများကို စုစည်းပြီး သုတေသနဂျာနယ်များ ထုတ်ဝေသွားမည်ဟုလည်း သိရကြောင်း။

 

ယခုညီလာခံတွင် ပြည်တွင်းက စာတမ်းရှင်များသာမက ပြည်ပက စာတမ်းရှင်များလည်း လာရောက်ပြီး စာတမ်းဖတ်ကြားခြင်း၊ အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ သုတေသနစာတမ်း ရှင်များအားလုံးအား မှတ်တမ်းတင် ဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း၊ ညီလာခံတက်ရောက် လာကြသူများကလည်း အပြုသဘောဆောင်သည့် အတွေးအမြင် အယူအဆများ၊ အသိအမြင်များ၊ အကြံပြုချက်များကို ထိထိရောက်ရောက် ဝိုင်းဝန်းဆွေးနွေး ပေးကြရန် တိုက်တွန်းလိုကြောင်း။

 

ဂုဏ်ယူဖွယ်ရာ အချက်တစ်ခုအနေဖြင့် ငွေရတုညီလာခံနှင့်အတူ သိပ္ပံပွဲတော်ကိုပါ စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားသည်ကို တွေ့ရကြောင်း၊ ဘာသာရပ်ဆိုင်ရာ ပြခန်းများ၊ သိပ္ပံပြကွက်များ၊ ပြိုင်ပွဲများအပြင် AI ပြခန်းများ ပါဝင်ပြသထား သည်ကိုတွေ့ရကြောင်း၊ ဘာသာရပ် ဌာနအလိုက် ဈေးရောင်းပွဲတော်၊ တိုင်းရင်းသားအားကစားပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပနေသည်ကို တွေ့ရကြောင်း။

 

ယခုကဲ့သို့ သိပ္ပံပွဲတော်များမှတစ်ဆင့် ကျောင်းသားလူငယ်များ သိပ္ပံပညာရပ်ကို ပိုမိုစိတ်ဝင်စားပြီး နည်းပညာဆိုင်ရာ အသစ်အဆန်းများကို လေ့လာစူးစမ်းလိုစိတ်များ ဖြစ်‌ပေါ်လာမည်ဖြစ်ကြောင်း၊ AI နည်းပညာများ၊ နျူကလီးယားနည်းပညာများနှင့် စွန့်ဦးတီထွင်နည်းပညာများအပါအဝင် သိပ္ပံဆိုင်ရာ အသိအမြင် ဗဟုသုတများ တိုးပွားလာမည်ကို ပြောကြားလိုကြောင်း။

 

ယခု(၂၅)ကြိမ်မြောက် ငွေရတု သုတေသနညီလာခံနှင့် သိပ္ပံပွဲတော်မှ ပေါ်ထွက်လာမည့် အထောက်အထား အခြေပြုသုတေသနရလဒ်များကို အခြေခံပြီး နိုင်ငံတော်အနေဖြင့် သက်ဆိုင်ရာ နယ်ပယ်အလိုက်၊ ဒေသအလိုက် အကျိုးဖြစ်ထွန်းစေမည့် မူဝါဒများရေးဆွဲအကောင်အထည် ဖော်နိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးကို အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း။ 

 

စီးပွားရေး ရှုထောင့်ဘက်မှ ကြည့်ပါကလည်း သိပ္ပံနှင့်တီထွင် ဆန်းသစ်မှုများအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍကို အကျိုးဖြစ်ထွန်း စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းနှင့် နိုင်ငံ့စီးပွားစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခြင်းကို အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း။

 

နယ်ပယ်ကဏ္ဍ အသီးသီးက ပြုလုပ်သည့် သုတေသနတွေ့ရှိ ချက်များသည် တိုင်းပြည်၏ စားရေရိက္ခာလုံခြုံမှု၊ ဆိုက်ဘာလုံခြုံမှု၊ သဘာဝဘေးတုံ့ပြန်မှု အစရှိသည့် နိုင်ငံသားများ၏ လုံခြုံရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကို အထောက်အကူပြုမည်ဖြစ်ကြောင်း။

 

သုတေသနကျင့်ဝတ်များနှင့် အညီ သုတေသနပြုဖော်ထုတ်ထားသည့် ရလဒ်များအပေါ်တွင် အခြေခံပြီး ပြုစုရေးဆွဲထားသည့် တက္ကသိုလ်ဆိုင်ရာ၊ ဌာနဆိုင်ရာ မူဝါဒများသည် လိုက်နာဆောင်ရွက် ကြရမည့်သူများ၏ ယုံကြည်မှုကို ရရှိစေနိုင်မည်ဖြစ်သဖြင့် စီမံ အုပ်ချုပ်ရေးတွင်လည်း များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း၊ထို့ကြောင့်သိပ္ပံနှင့် သုတေသန တီထွင်ဆန်းသစ်မှုတို့ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်သွား နိုင်မည်ကို ပြောကြားလိုကြောင်း။

 

ဉာဏပဲ့ကိုင်ရှင်များဖြစ်သည့် သုတေသီများအနေဖြင့် နိုင်ငံတကာတွင် မိမိတို့နိုင်ငံ၏ ပုံရိပ်ကောင်းကို ထင်ဟပ်အောင် စွမ်းဆောင်ကြရန်၊ မိမိတို့ တတ်ကျွမ်းသည့် အသိပညာ၊ အတတ်ပညာဖြင့် နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် တစ်တပ်တစ်အားပါဝင်ကြရန်၊ သိပ္ပံနှင့် နည်းပညာစွမ်းပကားဖြင့် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်ရာတွင် တက်ညီ လက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက် ကြရန် ပြောကြားလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

 

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌထံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် လက်ဆောင်ကို ပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲ အထိမ်းအမှတ် တက္ကသိုလ်များအလိုက် ပြသထားသည့်ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါ ဝင်စားစွာ လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

အဆိုပါ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) အား ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်း လမ်းညွှန်မှု၊ အားပေးမှုတို့ဖြင့် နိုင်ငံတော်၏ ပညာရည်မြင့်မား တိုးတက်စေရန်၊ အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနလုပ်ငန်း အဆင့်မြင့်မားမှု၊ အရည်အသွေး ပြည့်မီမှုတို့ကို ရှေးရှုလျက် နိုင်ငံတကာအဆင့်မီသော သုတေသန လုပ်ငန်းများဆောင်ရွက်ရန် တွန်းအား‌ပေးသည့် အနေဖြင့်စာတမ်းများ တင်ပြဆွေးနွေးစေ၍ အကောင်းဆုံး သုတေသနစာတမ်းဆုများ ချီးမြှင့်ရန်နှင့် သုတေသနညီလာခံမှ ဘာသာရပ်အလိုက် အဆင့်မီသော သုတေသနစာတမ်းများကို စုစည်းတည်းဖြတ်၍ ဂျာနယ်များ ထုတ်ဝေဖြန့်ချိခြင်း ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖေဖော်ဝါရီ ၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ညီလာခံတွင် ပြည်တွင်းပြည်ပမှ စာတမ်းရှင်များဖြင့် ဆွေးနွေးပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်