ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး၊ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းများသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် ဖေဖော်ဝါရီ ၁၆

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းအား ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မိုးရာသီမရောက်ရှိခင် ကာလအတွင်း လိုအပ်သည့်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းခြင်းလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရန်နှင့် ဓာတ်အားဖြန့်ခွဲမည့်အစီအမံများကို ကြိုတင်ရေးဆွဲထားရှိရန်၊ ရာသီဥတုဆိုးရွားသည့် နေရာဖြစ်သဖြင့် အခြေခံ Foundation များအား မိုးရာသီမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန်၊ ယခုစီမံကိန်းမှတစ်ဆင့် ဒေသ၏လူမှုအကျိုးစီးပွားကို များစွာ အထောက်အကူပြုနိုင်သဖြင့် စီမံကိန်းအား စနစ်တကျဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ဟွေထိုက်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပုံစံငယ်နှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

အဆိုပါ ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ ဟွေထိုက်ချောင်းပေါ်တွင် ၂၀၂၃ ခုနှစ်မှ စတင်၍ တည်ဆောက်နေခြင်းဖြစ်ပြီး ၄ မဂ္ဂါဝပ်တပ်ဆင် စက်အင်အားရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံတည်ဆောက်၍ နှစ်စဉ် လျှပ်စစ်ဓာတ်အား ၂၀ ဒသမ ၃၈၁ ကီလိုဝပ် နာရီသန်းကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက လဟယ်မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာ ၁၂ ရွာ၊ အိမ်ထောင်စု ၁၇၁၈ စုကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ လဟယ်မြို့ ထေရဝါဒဗုဒ္ဓ သာသနာပြု (ဗဟို) ကျောင်းသို့ ရောက်ရှိပြီး နာဂတောင်တန်းသာသနာပြု ဗဟိုခေါင်းဆောင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တ သုမနအား ဖူးမြော်ကြည်ညိုကာ စုပေါင်းနဝကမ္မ အလှူတော်ငွေများ၊ ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဆရာတော်အား သာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး ဆရာတော်၏ မိန့်ကြားမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် လဟယ်မြို့ရှိ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပညာရေးကြိုးစားအားထုတ်မှုရှိစေရေး အားပေးစကားပြောကြားသည်။ 

 

အလားတူ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် ဇနီး ဒေါ်ကြူကြူလှသည် ကော်မရှင်အတွင်းရေးမှူး၏ ဇနီး၊ အဖွဲ့ဝင်များလိုက်ပါ၍ လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်းသို့ သွားရောက်၍ သီလရှင်ဆရာကြီးများအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် သီလရှင်ဆရာကြီးများ၏ မိန့်ကြားမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်