နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရပ်စောက်မြို့ရှိ မြို့မဘုရားကြီးကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၊ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ပြည်သူများအား သွားရောက်ကြည့်ရှုအားပေး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ဗထူး)သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရပ်စောက်မြို့ရှိ မြို့မဘုရားကြီး ကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားကာ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း(ဗထူး)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ရပ်စောက်မြို့ မြို့ကုန်းရပ်ကွက် မြို့မဘုရားကြီး ကျောင်းတိုက် ပဓာနနာယက ဆရာတော် မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တတာရက အမှူးပြုသော သံဃာတော်များအား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ဆွမ်းဆန်တော်၊ ဆီ၊ သင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များသည် မြို့မဘုရားကြီး ကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှ ပေးဝေကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ရပ်စောက်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။
ဆက်လက်၍ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အဖွဲ့ဝင်များသည် ဆေးရုံ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှုပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ကျန်းမာရေး တိုးတက်ကောင်းမွန်မှုအခြေအနေများကို လိုက်လံ မေးမြန်း အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)သည် ဆေးရုံရှိ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ တီဘီရောဂါရှာဖွေရေးဌာန၊ သွားနှင့် ခံတွင်းဌာနနှင့် ဆေးသိုလှောင်ခန်းများရှိ ရောဂါ ရှာဖွေရေးကိရိယာများ၊ ဆေးဝါးပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် အဆိုပါဆေးရုံ တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် တိုင်းစစ် ဌာနချုပ်မှပေးအပ်သည့် ကြက်ဥများကိုပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။
ဆက်လက်၍ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (ဗထူး)သို့ သွားရောက်၍ ၂၀၂၆ ခုနှစ်၊ မတ်လ တွင်ကျင်းပတော့မည့် Grade-12 စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား အနီးကပ်သင်ကြားပေးနေမှုများ သွားရောက်ကြည့်ရှု အားပေး စကားပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ကြီး ရုံးခန်း၌ ကျောင်းတာဝန်ခံနှင့် ဆရာ ဆရာမများအား တွေ့ဆုံစဉ် တာဝန်ရှိသူများက ယခုနှစ် Grade-12 ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အောင်ချက် မြင့်မားရေးအတွက် စီစဉ်ဆောင်ရွက် လေ့ကျင့် သင်ကြားနေမှု၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ယခုနှစ် ဖြေဆိုကြမည့် Grade-12 စာမေးပွဲ နှင့်ပတ်သက်၍ ယမန်နှစ် Grade-12 စာမေးပွဲအောင်ချက် ရာခိုင်နှုန်းနှင့် အဆင့်ထက်မလျော့ ကျသွားအောင် ယခုနှစ်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို ထူးချွန်စွာအောင်မြင်စေ ရန်နှင့် အောင်ချက်ရာခိုင်နှုန်း ဆက်လက်မြင့်မားစေရေး ရည်းမှန်းချက်ထား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်၊ တန်းစဉ်ကူးပြောင်းမှုနှင့် ပတ်သက်၍ အတန်းအလိုက် နှစ်စဉ် အပြည့်အဝ တန်းစဉ်ကူးပြောင်းနိုင်ရေး တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် မိဘများက အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ မကြာမီအချိန်အတွင်း Grade-12 စာမေးပွဲဖြေဆိုကြ ရတော့မည် ဖြစ်သည့်အတွက် ကျန်ရှိသည့် အချိန်အတွင်း စာကျက်ချိန် မြှင့်တင်နိုင်ရေး Camp သွင်း၍ ကြပ်မတ်ဆောင်ရွက်သွားရန်၊ ထို့ပြင် ဆရာ ဆရာမများအနေဖြင့်လည်း ကျောင်းသား ကျောင်းသူများကို စာပေပညာ သင်ကြားပေးရာတွင် တန်းစဉ်အလိုက် စာကျေအောင်၊ စာတတ် အောင် လေ့ကျင့်သင်ကြားပေးကြရန်လိုကြောင်း မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်ငွေ များ၊ တိုင်းစစ်ဌာနချုပ်မှ ပေးအပ်သည့် ကြက်ဥများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် အဆိုပါ ကျောင်းအတွင်း ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး၏ အဖျား ခတ်မှုကြောင့် ကျောင်းခြံစည်းရိုး အုတ်တံတိုင်း ပေ ၁၇၀ ခန့် ပြိုကျပျက်စီးမှု၊ စာသင်ဆောင် မျက်နှာကြက်များ ပြိုကျပျက်စီးမှုများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


