နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် လေတပ်စစ်သံမှူးတို့ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်နှင့် လေတပ်တို့အကြား အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက်လျက်ရှိမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် ပြည်သူများအနေဖြင့် အားတက်သရော ပါဝင်ဆန္ဒမဲပေးခဲ့ကြပြီး ယခုအချိန်အထိ အဆိုပါ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြီးမားသည့်ကန့်ကွက်မှုများမရှိခြင်းကြောင့် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ မကြာမီကာလအတွင်း လွှတ်တော်ကျင်းပ ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံရေးအစိုးရများ မည်သို့ပင်ပြောင်းလဲသည်ဖြစ်စေ တပ်မတော်သည် ပြောင်းလဲမှုမရှိခြင်းကြောင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် တပ်မတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ထိုင်းဘုရင့် လေတပ် ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကြကြောင်း သိရသည်။
သတင်းစဉ်


