ရန်ကုန် မတ် ၃
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက် ရတနာလမ်းရှိ ပညာတံခွန်ကျောင်းတိုက် ဆရာတော်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းရာ တပည့်ဒါယကာ ဒါယိကာမအပေါင်းတို့က ယနေ့မွန်းလွဲပိုင်းတွင် ဂုဏ်ပြုကြိုဆိုရေး ယာဉ်တန်းဖြင့် ကြိုဆိုခဲ့ကြသည်။
ထိုသို့ ကြိုဆိုရာတွင် လမ်းတစ်လျှောက် ရခိုင်မင်္ဂလာစည်တော်ယွန်း၍ ဂုဏ်ပြုယာဉ်များဖြင့် တပည့်ဒါယကာ ဒါယိကာမများ လိုက်ပါ၍ ဥက္ကာလမ်း-လေဆိပ်လမ်းအတိုင်း၊ ကြံခင်းစု ဘောလုံးကွင်းမှ မြတောင်ညို ရဲရိပ်သာလမ်းအတိုင်းမှ လေဆိပ် ရေစင်လမ်း၊ ထိုမှတစ်ဆင့် ပညာတံခွန် ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင်ခဲ့ကြရာ လမ်းဘေး ဝဲ/ယာ တစ်လျှောက် ကြည်ညိုပူဇော်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


