၂၂ ဇူလိုင်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ ၂၀ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ မှတ်သားလိုက်နာသင့်သည့် ကင်းထောက်စိတ်ဓာတ်၊ ကျင့်ဝတ်၊ ကတိနှင့် အပြုအမူတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ကင်းထောက်လုပ်ငန်းသည် စစ်သဘောမပါ၊ နိုင်ငံရေးမစွက်၊ လူမှုဝန်ထမ်းသက်သက်မျှသာဖြစ်သည်။ ကင်းထောက်တို့၏ အဓိကရည်ရွယ်ချက်မှာ တာဝန်သိသော နိုင်ငံ့သားကောင်းဖြစ်လာအောင် လူငယ်လူရွယ်တို့အား ပုံသွင်းဖန်တီးပေးရန်ဖြစ်သည်။ ပုံသွင်းဖန်တီးပေးရာ၌ လူငယ်လူရွယ်တို့တွင် ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တကောင်းများ ဖြစ်ထွန်း လာအောင် ပြုပြင်အခြေစိုက်ပေးပြီး မိမိကိုယ်ကို အားကိုးတတ်ခြင်း၊ အကြီးအကဲတို့၏ အမိန့်နှင့်သွန်သင်မှုများကို ရိုသေလိုက်နာတတ်ခြင်း၊ မျက်စိရှင်စွာကြည့်တတ်ခြင်း စသည့်အလေ့အထကောင်းများ ဖြစ်ပေါ်လာရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်။
ကင်းထောက်တစ်ဦးသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အား ချစ်ခင်မြတ်နိုးပြီး သစ္စာစောင့်သိ ရိုသေတတ်သည်သာမက နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် အစဉ်အသင့်ရှိနေသူဖြစ်သည်။ ကျင့်သားရ၍ လက်ရွေးစင်ဘဝသို့ရောက်ပြီးဖြစ်သည့် ကင်းထောက်တစ်ဦးသည်မိမိကိုယ်ကို အားကိုးနိုင်သည်နှင့်အမျှ လူမှုကိစ္စကျွမ်းကျင်မှုတွင် အတော်အတန် တီးခေါက်မိအောင် လေ့လာလိုက်စားသူဖြစ်ပြီး အခြားသူများအတွက် အသုံးကျသော နိုင်ငံသားကောင်းဖြစ်အောင် ကြိုးပမ်းအားထုတ်နေသူဖြစ်သည်။
ကင်းထောက်တို့သည် သူတစ်ပါးအားလည်း ကူညီရသည်။ သဘာဝကိုလည်း လေ့လာရသည်။ လောကပတ်ဝန်းကျင်ကိုလည်း စူးစမ်းရသည်။ ကြင်နာသောစိတ်များမွေးမြူကာ ကြုံတွေ့သမျှ သူတို့အား မိတ်ဆွေသင်္ဂဟအဖြစ် သဘောထားနိုင်သည့် မွန်မြတ်သောအဆင့်အတန်းသို့ရောက်အောင် ပြုပြင်ပို့ဆောင်ပေးသည့် ပြဋ္ဌာန်းထားသောကတိနှင့်ကျင့်ဝတ်တို့ မြဲမြံစွာလိုက်နာကျင့်သုံးရသည့်သူများ ဖြစ်သည်။
ကင်းထောက်ကတိသုံးပါးတွင် ကိုးကွယ်ယုံကြည်သည့် အယူဝါဒနှင့်နိုင်ငံ၏တာဝန်ကို ထမ်းရွက်ရန်၊ သူတစ်ပါးအား အချိန်မရွေးကူညီရန်နှင့်ကင်းထောက်ကျင့်ဝတ် ၁၀ ပါးကို အမြဲလိုက်နာထိန်းသိမ်းဆောင်ရွက်ရန်ဖြစ်သည်။ ကျင့်ဝတ် ၁၀ ပါးမှာ ကင်းထောက်တို့၏ ဂုဏ်သိက္ခာကိုယုံကြည်ရ၏။ မိမိနိုင်ငံ၊ မိဘ၊ ဆရာသမား၊ အလုပ်ရှင်၊ လက်အောက်ငယ်သားများအပေါ်၌ သစ္စာရှိရ၏။ မိမိကိုယ်ကို အသုံးကျစေ၍ သူတစ်ပါးအား ကူညီရန်ဖြစ်၏။ အများ၏မိတ်ဆွေဖြစ်၍ အခြားကင်းထောက်များနှင့်လူမျိုး၊ အယူဝါဒ၊ အဆင့်အတန်းမရွေးညီအစ်ကိုဖြစ်၏။
ယဉ်ကျေးသိမ်မွေ့၏။ တိရစ္ဆာန်တို့၏ မိတ်ဆွေဖြစ်၏။ မိဘ၊ ဆရာ၊ ခေါင်းဆောင်တို့၏အမိန့်ကို တစ်သဝေမတိမ်းလိုက်နာ၏။ အခက်အခဲတွေ့တိုင်း အပြုံးမပျက်ရွှင်ပျစွာဆောင်ရွက်ရ၏။ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးစလုံး ဖြူစင်ရ၏ ဟူသည်တို့ကို ကျင့်ကြံလိုက်နာအားထုတ်သောသူများ ဖြစ်သည်။
မြန်မာလူမျိုးများသည် သူတစ်ပါးအား ကူညီတတ်သောလူမျိုး ဖြစ်သည်နှင့်အညီ နိုင်ငံအတွင်း ပရဟိတအသင်းများ၊ လူမှုရေးအသင်းများ၊ ဘာသာ၊ သာသနာအသင်းများ အမြောက်အမြားရှိပြီး ထိုအသင်းများတွင် မြန်မာလူမျိုးများပါဝင်လုပ်ကိုင်ကာ ကူညီဆောင်ရွက်ပေးနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် ဖျက်သိမ်းခံလိုက်ရသော လူမှုရေးအသင်းတစ်မျိုးဖြစ်သည့် ကင်းထောက်လူငယ်အဖွဲ့မှာ နိုင်ငံ့ခေါင်းဆောင်တို့၏ ဦးဆောင်မှုဖြင့် ယခုအခါ ပြန်လည်သက်ဝင်လာပြီဖြစ်သည်။
သို့ဖြစ်ရာ ယနေ့ မြန်မာနိုင်ငံတွင် ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးစလုံး လိုက်နာစောင့်ထိန်းပြီး ဘာသာလူမျိုးအဆင့်အတန်းမခွဲခြားဘဲ ကြုံတွေ့သမျှ သူများအား မိတ်ဆွေသင်္ဂဟအဖြစ် သဘောထားကာ ကူညီဆောင်ရွက်ပေးနိုင်သော အသင်းအဖွဲ့များနှင့် လူငယ်လူရွယ်များ အထူးလိုအပ်နေချိန်တွင် ကင်းထောက်အဖွဲ့တွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများကောင်းကျိုးကို ဆောင်ကြဉ်းရမည်ဖြစ်ပါကြောင်း။
ကြေးမုံ