ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ စကားသံများကို ထုတ်နုတ်ဖော်ပြလိုက်ပါသည် -

ဝဏ္ဏကျော်ထင်၊ စည်သူ၊ သရေစည်သူ ဦးအောင်ကိုဝင်း ၊ ကမ္ဘောဇဘဏ်လီမိတက် နာယက
ကျွန်တော်ရရှိတဲ့ ဘွဲ့ကတော့ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်တဲ့ သရေစည်သူဘွဲ့ ဖြစ်ပါတယ်။ ဒီဘွဲ့ဟာဆိုရင် နိုင်ငံတော်နဲ့ ပြည်သူအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်ချီးမြှင့်တဲ့ဘွဲ့ ဖြစ်ပါတယ်။ ကျွန်တော့်ကို ပေးအပ် ချီးမြှင့်ခဲ့တဲ့ သရေစည်သူဘွဲ့ဟာဆိုရင် မြန်မာ နိုင်ငံမှာ အရပ်ဘက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအနက် ပထမဦးဆုံးချီးမြှင့်ခံရတာဖြစ်ပြီး အမြင့်ဆုံး ပေးအပ်ချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ပြည်တွင်းပြည်ပကပေးအပ်တဲ့ ဘွဲ့အမြောက်အမြား ရရှိခဲ့ပါတယ်။ မှတ်မိသလောက်ဆိုရင် ဝဏ္ဏကျော်ထင်ဘွဲ့၊ စည်သူဘွဲ့၊ နိုင်ငံ့စွမ်းဆောင်ရည်ဆု ၄ ကြိမ်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ အထူးဂုဏ်ထူးဆောင်ဆုနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ လက်ထက်မှာလည်း အထူးဂုဏ်ထူးဆောင်ဆု ရရှိခဲ့ပါတယ်။ အခု ဆက်လက်ပြီးတော့ သရေစည်သူဘွဲ့ ရရှိတာဖြစ်ပါတယ်။ အဓိကကတော့ အခုရရှိတဲ့ဘွဲ့ က နိုင်ငံတော်အခွန်ဘဏ္ဍာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်းကြောင့် ရတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ဆိုရင် နိုင်ငံတော် အခွန်ဘဏ္ဍာတာဝန် ဝင်ငွေခွန်ကို ၈ နှစ်ဆက်တိုက် ပထမနေရာကနေ ထမ်းဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ၉ နှစ်မြောက်အတွက်လည်း ကြိုတင်အခွန်ကို သွင်းပြီးဖြစ်ပါတယ်။ ဒါ့ပြင် ၁၀ နှစ်မြောက်အတွက်လည်း ဆက်လက် ပေးသွင်းနေပြီဖြစ်ပါတယ်။ ။
ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်အခွန် ဘဏ္ဍာတာဝန်ကို ကျေပွန်စွာထမ်းဆောင် လျက်ရှိသလို နိုင်ငံတော်နဲ့ပြည်သူအတွက် လှူဒါန်းခဲ့တာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုရင် ငွေကျပ် ဘီလီယံ ၁၈၀ ကျော်ရှိပါပြီ။ အခုဖြစ်ပွားနေတဲ့ ကိုဗစ်ကိစ္စတစ်ခုတည်းအတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက် ကတည်းက စတင်ပြီး လှူဒါန်းခဲ့တာ ငွေကျပ် ၁၁ ဒသမ ၂ ဘီလီယံကျော်ရှိပါပြီ။ နောင်မှာလည်း ဆက်လက်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သက်ပုံ
ဒီနေ့အခမ်းအနားမှာ ကျွန်တော်ချီးမြှင့်ခြင်းခံရတာက ဇေယျကျော်ထင်ဘွဲ့ ဖြစ်ပါတယ်။ ကျွန်တော် တက္ကသိုလ်ဝင်တန်းကို ၁၉၈၃ ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။အဲဒီအချိန်ကစပြီးတော့ တပ်မတော်ထဲကို ဝင်ရောက်ပြီး ကျရာတာဝန်အသီးသီးကို ထမ်းဆောင်ခဲ့ပါတယ်။ အခုအချိန်အထိဆိုရင် ကျွန်တော့်ရဲ့ စစ်မှုထမ်းသက် ၃၄ နှစ် ကျော်ပါပြီ။ အဲဒီကာလအတွင်း နိုင်ငံတော် တစ်နံတစ်လျားမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေကျေပွန်ပွန်နဲ့ အပြစ်ကင်းစင်စွာ ထမ်းဆောင်ခဲ့တဲ့အတွက် နိုင်ငံတော်နဲ့ တပ်မတော်က ကျွန်တော့်ကို ချီးမြှင့်တာဖြစ်ပါတယ်။ အခုလို ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရတဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါတယ်။ ကျွန်တော်အပါအဝင် မိသားစုအားလုံးကလည်း ဂုဏ်ယူနေကြမယ်လို့ မျှော်လင့်ပါတယ်။
နှစ်သစ်အခါသမယမှာ အခုလို နိုင်ငံတော်က ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့အခမ်းအနားနဲ့အတူ ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခြင်းခံရတဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါတယ်။ ဆက်လက်ပြီး တာဝန်ထမ်းဆောင်ဖို့ ကျန်ရှိတဲ့ နှစ်တွေမှာလည်း နိုင်ငံ့တာဝန်တွေ၊ တပ်မတော် တာဝန်တွေကို စွမ်းစွမ်းတမံ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သန္နိဋ္ဌာန်ပြုပါတယ်။
လူငယ်တွေအနေနဲ့ ကျရာ နိုင်ငံ့တာဝန်အသီးသီးကို ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံ့တာဝန်ထမ်းဆောင်ရာမှာ နိုင်ငံတော်အတွက် အကောင်းဆုံး ကြိုးပမ်းထမ်းဆောင်ကြပါ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အားလုံးကြိုးပမ်းဆောင်ရွက်သွားကြပါလို့ လူငယ်ညီငယ်တွေကို ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဒုတိယဗိုလ်မှူးကြီး သီဟသူရအေးမင်းအောင်
ဒီနေ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားမှာ ကျွန်တော်ရရှိတဲ့ဘွဲ့က သီဟသူရဘွဲ့ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လက ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ ကျွန်တော့် တပ်ရင်းက အရာရှိ၊ စစ်သည်တွေကို စနစ်တကျ ကြီးကြပ်ကွပ်ကဲ ကိုယ်တိုင်ဦးဆောင်ပြီး နောက်ဆုံးအခြေအနေအထိ တိုက်ပွဲဝင်ခဲ့ပါတယ်။ ရန်သူက ကျွန်တော်တို့ထက် သာလွန်တဲ့အင်အားနဲ့ အကြိမ်ကြိမ် အပြီးတိုင်ချေမှုန်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအခြေအနေမှာ ကျွန်တော့်တပ်ရင်းက အရာရှိ၊ စစ်သည်တွေ ထိခိုက်ကျဆုံးမှု အနည်းဆုံးဖြစ်အောင် စီမံကွပ်ကဲပြီး ရွပ်ရွပ်ချွံချွံ ဦးဆောင်တိုက်ပွဲဝင်ခဲ့ပါတယ်။
ကျွန်တော်တို့ စစ်သားတွေဟာ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေတဲ့သူတွေ ဖြစ်ပါတယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကိုထိခိုက်လာတဲ့ ဘယ်လိုအန္တရာယ်မျိုးဖြစ်ဖြစ် ကျွန်တော်တို့ ကာကွယ်မှာဖြစ်ပါတယ်။ တပ်မတော်ရဲ့ တာဝန်ကလည်း ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့ပဲ ဖြစ်ပါတယ်။ ။
ကျွန်တော်တို့တပ် မမျှော်လင့်ဘဲ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ကျွန်တော်တို့ တပ်ရင်းအနေနဲ့ စည်းလုံးညီညွတ်စွာ ပိတ်ဆို့လာတဲ့ရန်သူကို တွန်းလှန်ခဲ့တာဖြစ်ပါတယ်။ ဘွဲ့ထူးဂုဏ်ထူးရဖို့အတွက်ဆိုပြီး ရည်ရွယ်ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ခဲ့မှုအပေါ်မှာ အခုလို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က ဘွဲ့ထူးဂုဏ်ထူး ပေးအပ် ချီးမြှင့်လာတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ဗိုလ်မှူး သူရရန်နိုင်ဦး
ဒီနေ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားမှာ ကျွန်တော်ရရှိတဲ့ဘွဲ့ က သူရဘွဲ့ ဖြစ်ပါတယ်။ ကျွန်တော်တို့က တပ်မတော်သားတွေဖြစ်တဲ့အတွက် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန် အရေးသုံးပါးကို လိုက်နာစောင့်ထိန်း ကာကွယ်စောင့်ရှောက်ရပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ဒို့တာဝန်အရေးသုံးပါးကို ကျူးလွန်ဖောက်ဖျက်လာတဲ့ ရန်သူတွေကို တိုက်ခိုက်ချေမှုန်းတဲ့အချိန် ကျွန်တော်ဟာ လက်အောက်ငယ်သား ရဲဘော်ရဲဘက်တွေနဲ့အတူ ရက်ပေါင်းများစွာ အပင်ပန်းခံ၊ အဆင်းရဲခံပြီး ရန်သူတွေကို ရွပ်ရွပ်ချွံချွံ စနစ်တကျ ချေမှုန်းတိုက်ခိုက်ခဲ့လို့ သူရဘွဲ့ကို ချီးမြှင့်ခံရခြင်းဖြစ်ပါတယ်။
အခုလို ချီးမြှင့်ခံရတဲ့အတွက် များစွာ ဂုဏ်ယူမိပါတယ်။ ဆက်လက်ပြီးလည်း တိုင်းပြည်နဲ့ လူမျိုးအတွက် စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုပါတယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက် ကျဆုံးသွားတဲ့ စစ်သည်တွေကိုလည်း ဒီကနေပြီး ဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။

ဗိုလ်ကြီး သူရဇော်ဦးလွင်
ကျွန်တော် သူရဘွဲ့ ရရှိတာဖြစ်ပါတယ်။ စစ်မြေပြင်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို ကျူးလွန်ဖောက်ဖျက်လာတဲ့သူတွေကို ရွပ်ရွပ်ချွံချွံတိုက်ခိုက် တွန်းလှန်ခဲ့တဲ့အတွက် နိုင်ငံတော်နဲ့ တပ်မတော်ကပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။ ကြုံလာတဲ့ တိုက်ပွဲတွေအားလုံးကို ကိုယ့်အထက်အရာရှိတွေ၊ ရဲဘော်တွေနဲ့အတူ ရွပ်ရွပ်ချွံချွံ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါတယ်။ အခုလို သူရဘွဲ့ ရရှိခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အနေနဲ့ တပ်မတော်မှာ ဆက်လက် တာဝန်ထမ်းဆောင်နေတဲ့ ကာလတစ်လျှောက်လုံးမှာလည်း တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ တပ်မတော်အတွက် အစွမ်းကုန် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ တိုင်းပြည်အတွက် အသက်ပေးသွားရတဲ့ ရဲဘော်ရဲဘက် အားလုံးအတွက်လည်း ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။
ဒုတိယအရာခံဗိုလ် သူရထွန်းဝေ၏ဇနီး ဒေါ်အေးသန်း
ကျွန်မက သူရဘွဲ့ရရှိခဲ့တဲ့ ဒုတိယအရာခံ ဗိုလ်ထွန်းဝေရဲ့ဇနီး ဒေါ်အသန်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ကျွန်မအမျိုးသား ဒုတိယအရာခံဗိုလ် ထွန်းဝေ (ကျဆုံး) ကိုယ်စား တက်ရောက်တာ ဖြစ်ပါတယ်။ ကျွန်မ အမျိုးသားက ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့အတွက် များစွာဝမ်းနည်းခဲ့ရ ပါတယ်။ ဒါပေမယ့် တိုင်းပြည်အတွက် အသက်ပေးခဲ့ရတာဖြစ်လို့ ကျွန်မအမျိုးသားအတွက် များစွာဂုဏ်ယူပါတယ်။ တိုင်းပြည်အတွက် အသက်ပေးစွန့်လွှတ်ခဲ့တဲ့ စစ်သည်အားလုံးအတွက်လည်း အမြဲဂုဏ်ယူနေမှာ ဖြစ်ပါတယ်။
သိပ္ပံကျော်စွာ ဒေါက်တာတိုးလှ ဒုတိယဥက္ကဋ္ဌ၊ မြန်မာ့သမိုင်းအဖွဲ့
ကျွန်တော်က မြန်မာ့သမိုင်းအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌတာဝန် ထမ်းဆောင်ပါတယ်။ အရင်က သမိုင်းပါမောက္ခလုပ်ခဲ့ပါတယ်။ ဒီနေ့ရတဲ့ဘွဲ့တံဆိပ်က သိပ္ပံကျော်စွာဘွဲ့ပါ။ ဒီဘွဲ့ရတဲ့အတွက် ခံစားချက်ကတော့ ဝမ်းသာဂုဏ်ယူရတာပေါ့။ နောက်ပြီး ဒီဘွဲ့ရလိုက်တဲ့အတွက် နေရထိုင်ရတာ နည်းနည်းတော့ ကျဉ်းကျပ်သွားသလိုပဲ။ ဘာကြောင့်လဲဆိုတော့ လုပ်ရမယ့်တာဝန်တွေဟာ ပိုများလာမယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် လုပ်ရမယ့် တာဝန်တွေ စဉ်းစားလိုက်တဲ့အခါ ဒီအသက် အရွယ်နဲ့ဆိုတော့ စိတ်ကျဉ်းကျပ်လာသလို ဖြစ်တာပေါ့။
မြန်မာ့သမိုင်းနဲ့ပတ်သက်ပြီး လောလောဆယ် နှစ်ခုရေးနေပါတယ်။ “မြန်မာနိုင်ငံရဲ့ သမိုင်းမတိုင်မီခေတ်က လူတွေရဲ့သမိုင်း” နဲ့ “မြန်မာနိုင်ငံရဲ့ အလယ်ခေတ်သမိုင်း” ဖြစ်ပါတယ်။ အလယ်ခေတ်သမိုင်းဆိုတာက ပုဂံခေတ်လွန်ပြီးတဲ့နောက် ပင်းယ၊ စစ်ကိုင်း၊ အင်းဝဆိုတဲ့ သုံးနိုင်ငံခေတ်ကို လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဘာသာရေး စသဖြင့် အခန်း ၇ ခန်းလောက်ဖွဲ့ပြီး ရေးနေတာ ဒီကိုဗစ်ကာလကြီးမှာ ပြီးသွားပါပြီ။
ကျွန်တော့်ရဲ့ ဘဝမှာ မှတ်မှတ်ရရ အခု သိပ္ပံကျော်စွာဘွဲ့အပြင် အမျိုးသားစာပေဆု နှစ်ကြိမ်၊ ထွန်းဖောင်ဒေးရှင်းစာပေဆု နှစ်ကြိမ်၊ ဆရာဝန်တင်ရွှေစာပေဆု တစ်ကြိမ်၊ ပခုက္ကူ ဦးအုန်းဖေစာပေဆု တစ်ကြိမ်ရဖူးပါတယ်။
နောက်ပြီး ကျွန်တော်နေခဲ့တဲ့ အမေရိကန် တက္ကသိုလ်ကနေ DIA လို့ခေါ်တဲ့ Distinguished International Alliance ဆိုတဲ့ ဂုဏ်ပြုလွှာ ရဖူးပါတယ်။
ကျွန်တော့်အနေနဲ့ စာဖတ်ပရိသတ်ကို စာများများဖတ်စေချင်ပါတယ်။ သမိုင်းဆိုတာက လူတိုင်းနဲ့ဆိုင်တဲ့အတွက် လူတိုင်းဟာ ကိုယ်ဘယ်ဘာသာရပ်နဲ့ ဘာယူလာလာသမိုင်း ဆိုတာ လူ့အဖွဲ့အစည်းနဲ့ မကင်းတဲ့အတွက် သူတို့လည်း သမိုင်းတွေကို လေ့လာလာကြမယ်ဆိုရင် ပိုကောင်းပါတယ်။ ဘာဖြစ်ဖြစ် သမိုင်းအမြင်ဆိုတာ ရှိပါတယ်။ သမိုင်းအမြင် ဆိုတာ လူတိုင်းမြင်တတ်ပေမယ့် ကိုယ်မြင်မှန်း မသိတာတွေကို ဒါသမိုင်း အမြင်ပဲ၊ ဒါသမိုင်းတွေပဲ ဒို့ဒီသမိုင်းတွေထဲမှာ ဒို့လှုပ်ရှားနေတယ်။ ဒို့ဟာနောင်လူတွေအတွက် တာဝန်တွေရှိတယ်ဆိုတဲ့ စိတ်ဓာတ်ကလေးတွေ သူတို့စိတ်ထဲဝင်သွားရင် ကျေနပ်ပါပြီ။ ။
သိပ္ပံကျော်စွာ ဦးကျော်ဝင်း(မနုဿကျော်ဝင်း) ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း
ဒီဘွဲ့ရမယ်လို့လည်း မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော်တို့ လုပ်စရာရှိတဲ့လုပ်ငန်းကို တိုင်းပြည်အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ခဲ့ပါတယ်။ ကျွန်တော်က မနုဿဗေဒနဲ့ ဝိဇ္ဇာဂုဏ်ထူး၊ မဟာဝိဇ္ဇာဘွဲ့ရတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနမှာ အငယ်တန်းအရာရှိဘဝကနေ ညွှန်ကြားရေးမှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လုပ်ငန်းကို တာဝန်ကျေကျေကြိုးစားရင်းနဲ့ပဲ နိုင်ငံတော်က ချီးမြှင့်ခဲ့တဲ့အတွက် အငယ်တန်းအရာရှိ ကနေ ညွှန်ကြားရေးမှူးချုပ်ဖြစ်လာတယ်။
တာဝန်ထမ်းဆောင်တဲ့ ကာလမှာလည်း တိုင်းရင်းသားတွေ၊ နာဂဒေသအပါအဝင် ဒေသတွေကို ကွင်းဆင်းလေ့လာတယ်။ အဲဒီက ရတဲ့အချက်အလက်တွေကို စာနယ်ဇင်းတွေမှာ ဆောင်းပါးတွေ၊ ဝတ္ထုတို၊ ဝတ္ထုရှည် (၁၀၀၀) ကျော်လောက် ရေးသားပြီးပါပြီ။ စာအုပ်အနေနဲ့ ၆ အုပ် ရေးသားပြုစုခဲ့ပြီး ၅ အုပ်က အမျိုးသား စာပေဆုအပါအဝင် နိုင်ငံတော်အဆင့် စာပေဆုတွေ ချီးမြှင့်ခံခဲ့ရပါတယ်။
မမျှော်လင့်ဘဲ ဒီဘွဲ့ကို ချီးမြှင့်ခံရတဲ့အခါ အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်။ အရင်ကတော့ ကြိုးစားရတာပေါ့။ အသိအမှတ်ပြု ခံရတာ၊ မပြုခံရတာထက် နိုင်ငံတော်အတွက် အကျိုးသက်ရောက်မှု ရှိသွားတယ်ဆိုရင် အလိုလိုဝမ်းသာတယ်။ အခု နိုင်ငံတော်က ဒီလိုဘွဲ့တွေနဲ့ ချီးမြှင့်မြှောက်စားတယ်ဆိုတော့ ဝမ်းသာပြီးတော့ အားတက်လာတယ်။ ဆက်လက်ပြီးလည်း နိုင်ငံတော်နဲ့ ပြည်သူတွေကို ကိုယ်လေ့လာခဲ့တဲ့ ဘာသာရပ်နဲ့ အတတ်နိုင်ဆုံး အကျိုးပြုဖို့ ဆုံးဖြတ်ထား ပါတယ်။
လူငယ်တွေအတွက် စကားလက်ဆောင် ပါးရမယ်ဆိုရင် တော်တော်များများက တက္ကသိုလ်ပညာ ဆည်းပူးရင် ဘွဲ့လက်မှတ်လောက်ရဖို့ပဲ စိတ်ကူးတယ်။ အဲဒီစိတ်ကူးကို စွန့်လွှတ်ပါ။ ကိုယ်နဲ့ အကိုက်ညီဆုံးဘာသာရပ်ကို ရွေးချယ်လေ့လာပါ။ ဘွဲ့လက်မှတ် ရရုံလောက်မဟုတ်ဘဲ ထဲထဲဝင်ဝင်သိအောင်လုပ်ပါ။ ဆရာတွေသင်တဲ့ မှတ်စုလောက်နဲ့ မကျေနပ်ဘဲ စာကြည့်တိုက်တွေကိုသွားပြီး လေ့လာပါ။ ဖတ်ပါ၊ မှတ်ပါ၊ ကျက်ပါ။ ဆရာသင်ထားတာတွေက လမ်းပြအနေနဲ့ဖြစ်ပြီး စာကြည့်တိုက်မှာ သွားလေ့လာတာက ပြန်ပြီးတော့ ကျယ်ကျယ်ဝန်းဝန်း ဖြည့်ဆည်းတဲ့ သဘောဖြစ်တယ်။ အဲဒီလိုဆိုရင် ကိုယ့်အနေနဲ့ တက္ကသိုလ်ပညာရပ်ကို ထူးထူးချွန်ချွန်လေ့လာ တတ်မြောက်ခဲ့ပြီဆိုပြီး ကိုယ့်ဘာသာကိုယ်လည်း အားရတယ်။ ကျောင်းကထွက်ပြီဆိုရင် ပညာတွေကို ကျောင်းမှာချန်မထားခဲ့ဘဲ ကိုယ်နဲ့တစ်ပါတည်း ယူသွားပါ။ မိမိလေ့လာ လိုက်စားခဲ့တဲ့ ပညာရပ်၊ ဘာသာရပ်နဲ့ တိုက်ရိုက်အကျိုးပြုရတဲ့ ဌာနမျိုးမှာ လုပ်ချင်မှ လုပ်ရမယ်။ ဒါပေမယ့် စိတ်မပျက်ပါနဲ့၊ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်တတ်မြောက်ခဲ့တဲ့ ပညာတွေကို တစ်ဖက်တစ်လမ်းကနေ အသုံးချနိုင်အောင် ကြိုးစားပါ။ စာရေးတာတို့၊ ဟောပြောတာတို့ တခြားနည်းလမ်းတွေရှိပါတယ်။ အဲဒီလိုနည်းနဲ့ ပြန်ပြီးအသုံးချရင် မိမိကို သင်ကြားပေးခဲ့တဲ့ တက္ကသိုလ်လည်း သင်ကြားရကျိုးနပ်ပြီး ကိုယ်လည်း သင်ယူလေ့လာ ရကျိုးနပ်ပါတယ်။
အလင်္ကာကျော်စွာ ဦးစိန်စတင်း၏သား ဦးမင်းဟန်(ခ)ဦးစိန်မင်းနိုင်(ဆိုင်းဆရာ)
ကျွန်တော့်ဖခင် ဦးစိန်စတင်းအနေနဲ့ အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခံရပြီး အဖေမရှိတော့တဲ့အတွက် အဖေ့ကိုယ်စား တက်ရောက်ရယူတာဖြစ်ပါတယ်။ အဖေ့အနေနဲ့ ဆောင်ရွက်ချက်တွေ အများကြီးရှိပါတယ်။ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်မှန်သမျှ မငြီးငြူဘဲ အလုပ်လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်မှတ်မိသလောက်ဆိုရင် နိုင်ငံတော် က ကျင်းပတဲ့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေမှာ ဒိုင်အဖြစ်ရော၊ နည်းပြအဖြစ်ရော တာဝန်ယူပေးခဲ့တယ်။ နိုင်ငံတော်ကပေးတဲ့ ကျရာတာဝန်ကို ထမ်းဆောင်ပေးခဲ့ပါတယ်။ ဒီလို ချီးမြှင့်တဲ့ပွဲကို အဖေ သက်ရှိထင်ရှားရှိပြီး တက်ရောက်ယူစေချင်တာပါ။
အဖေနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရရှိတာကတော့ ကျွန်တော်ငယ်စဉ်အချိန် ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဖျော်ဖြေပွဲတစ်ခု လုပ်တယ်။ အဲဒီဖျော်ဖြေပွဲမှာ ဆိုင်းအဖွဲ့ ၅ ဖွဲ့ တီးခတ်ဖျော်ဖြေတယ်။ အဲဒီအချိန်က အဖေက ပွဲဆက်များနေတော့ လက်တွေနာနေတယ်လို့ သိရတယ်။ အားလုံးက အဖေတီးနိုင်ပါ့မလားလို့ သံသယဖြစ်ကြတယ်။ အဖေ့အလှည့်ရောက်တော့ အဖေပတ်လုံးစမ်းချိန်မှာပဲ အဖေ့နာမည်ရွတ်ပြီး ပရိသတ်က အားပေးကြတယ်။ အဖေကလည်း ပရိသတ်ကို အကောင်းဆုံး ဖျော်ဖြေခဲ့ပြီး ပရိသတ်ကလည်း နှစ်ထောင်းအားရ အားပေးခဲ့တယ်လို့ တစ်ဆင့်စကား ကြားရပါတယ်။ နိုင်ငံတော်က အဖေ စိန်စတင်းကို ဒီဘွဲ့ပေးတယ်ဆိုတာ အဖေ့ရဲ့ ပညာရပ်ကို အလေးထားပေးတယ်လို့ မြင်ပါတယ်။
အဆိုပါ အခမ်းအနားတွင် သရေစည်သူ ဘွဲ့ရရှိသူ (၁) ဦး၊ သီဟသူရဘွဲ့ရရှိသူ (၁) ဦး၊ သူရဘွဲ့ရရှိသူ (၃) ဦး ဇေယျကျော်ထင်ဘွဲ့ရရှိသူ (၁၁) ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ (၁) ဦး၊ သိပ္ပံကျော်စွာဘွဲ့ရရှိသူ (၄) ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့ များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးမင်းနိုင် ဓာတ်ပုံ - ရွှေကိုလေး