တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တွင် နိုဝင်ဘာ ၆ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာရာ ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အဆိုပါခရီးစဉ်အတွင်း ကူမင်းမြို့၌ ကျင်းပသည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကူမင်းမြို့၊ ချုံချင့်မြို့နှင့် ရှန်းကျန့်မြို့တို့ရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာခြင်း စသည် တို့နှင့် စပ်လျဉ်းသည့် သတင်းများကို နိုင်ငံပိုင်မီဒီယာများတွင် နေ့စဉ်မပြတ် ဖော်ပြထုတ်လွှင့်ပေးခဲ့ခြင်းကြောင့် အဆိုပါခရီးစဉ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်သူလူထုက သိရှိခဲ့ကြရသည်။
ထို့အပြင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်း နိုင်ငံတို့မှ ဝန်ကြီးချုပ်များနှင့် သီးခြားစီတွေ့ဆုံ၍ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် လက်ရှိပကတိ အခြေအနေများ၊ အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံက အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှပါဝင်နိုင်မှု အခြေအနေများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားကဏ္ဍ၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ မြှင့်တင်ရေး၊ အခြားကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး စသည်တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ရာ မိမိတို့နိုင်ငံ အတွက် လွန်စွာမှပင် အကျိုးဖြစ်ထွန်းစေခဲ့သည်။
အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ထောက်ခံခဲ့ပြီး မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒပြုကူညီနိုင်မည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေ ပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုကြောင်း၊ တရုတ်နိုင်ငံ အတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း၊ နိုင်ငံတကာ မျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ဆွေးနွေးပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်သည် နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရန်အတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုရလဒ်များ ပေါ်ထွက်လာအောင် ဖော်ဆောင်နိုင်ခဲ့သည့်အပြင် မဲခေါင်ဒေသ၌ အိမ်နီးချင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့်လည်း ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုတိုးမြှင့် ခိုင်မာစေခဲ့သည်ဟု ယုံကြည်ပါကြောင်း။
မြန်မာ့အလင်း