နိုင်ငံတော်နှင့် ပြည်သူအတွက် ရှေးရှုရွေးချယ်

နေပြည်တော် ၃ နိုဝင်ဘာ

 

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်၏ အနှစ်သာရဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ငါးနှစ်လျှင်တစ်ကြိမ်ပြည်သူများ ရွေးချယ်တင်မြှောက်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့်နိုင်ငံ၏ အရေးအရာကိစ္စများကို အကောင်အထည်ဖော်လျက်ရှိသည်။ ပြည်သူ့ကိုယ်စားလှယ်များကို တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲများ ကျင်းပခြင်းဖြင့် ရွေးချယ်တင်မြှောက်ကြပြီး ပြည်သူ့ကိုယ်စားလှယ်နေရာများလစ်လပ်မှုရှိပါက ကြားဖြတ်ရွေးကောက်ပွဲများကိုလည်း အလျဉ်းသင့်သလို ကျင်းပလေ့ရှိသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော နေ့တစ်နေ့ဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်နေ့ဖြစ်သည်။မြန်မာနိုင်ငံတစ်ဝန်းရှိ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် နိုင်ငံအကျိုး၊ပြည်သူ့အကျိုးကို အမှန်တကယ်ဖော်ဆောင်မည့် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူများက မှန်မှန်ကန်ကန် စိစစ်ရွေးချယ်နေကြပြီ။

 

ပြည်သူများက ရွေးချယ်တင်မြှောက်ပေးလိုက်သည့် ပြည်သူ့ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် ပြည်သူများအကြားတွင် ပေါင်းကူးတံတားအဖြစ် ဆက်သွယ်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားထားသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်နှင့် ပြည်သူအတွက် ကောင်းသည့်ကိစ္စရပ်များကိုဆောင်ရွက်ရန် အခွင့်အလမ်းများရှိသည်။ အောက်ခြေတွင်ရှိသည့် ပြည်သူလူထု၏အခြေအနေနှင့်အမြင်များကို လွှတ်တော်ကိုယ်စားလှယ်များက တင်ပြနိုင်စွမ်းရှိရမည်။ အဓိကမှာ ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ပြည်သူ့အကျိုးကို ရဲရဲဝံ့ဝံ့ဆောင်ရွက်နိုင်မှသာလျှင် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကိုရရှိပြီး မှန်ကန်သည့် ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်နိုင်မည်ဖြစ်သည်။

 

ယင်းအချက်ကို ရွေးကောက်ပွဲသို့ဝင်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များရော ရွေးချယ်တင်မြှောက်ပေးမည့် ပြည်သူများကပါအလေးအနက်ထားကြရမည်ဖြစ်သည်။ လက်ရှိတွင် အစိုးရအနေဖြင့်အထူးအလေးပေးသည်မှာ သန့်ရှင်းသည့်အစိုးရ၊ တာဝန်ယူသည့်အစိုးရ၊တာဝန်သိသည့်အစိုးရ၊ အဂတိလိုက်စားမှုကင်းသည့် အစိုးရအဖြစ်ကြိုးပမ်းအားထုတ်နေမှုများကို ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များပါ သိရှိထားကြပြီးဖြစ်သည်။

 

ပြည်သူများကရွေးချယ်ပေးလိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံအတွက် အထူးအရေးကြီးသောကြောင့် မှန်မှန်ကန်ကန်ရွေးချယ်ပေးရန်လိုအပ်သည်။ ထို့ကြောင့် ပြည်သူများ၏ မဲတစ်ပြားသည်အသည်းနှလုံးထက် မှန်ကန်စွာရွေးချယ်တတ်သည့် ဦးနှောက်မှလာသည်ဟုဆိုရမည်ဖြစ်သည်။ တန်ဖိုးကြီးသည့် မဲတစ်ပြားသည် ပြည်သူများအကျိုး၊နိုင်ငံအကျိုးဖြစ်၍ ထိုက်တန်သော ပြည်သူ့ကိုယ်စားလှယ်များကို မဲပေးခွင့်ရှိသူ ပြည်သူတိုင်း မဲပေးရွေးချယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှလည်း ပြည်သူများစနစ်တကျ မဲပေးနိုင်ရေးဆောင်ရွက်ဖွယ်ကိစ္စများကို ဆောင်ရွက်ပေးထားပြီးဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင် အဆင်ပြေစေရန် မဲရုံနမူနာပုံစံနှင့် မိမိပေးလိုက်သော ဆန္ဒမဲလက်မှတ်များ ပယ်မဲမဖြစ်စေရေးအတွက် ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ၏ခိုင်လုံမဲ၊ ပယ်မဲနမူနာပုံစံများကိုသိရှိနိုင်ရန် အကြိမ်ကြိမ် ထုတ်ပြန်အသိ ပေးထားသည်။ မှန်မှန်ကန်ကန်ရွေးချယ်ထားသော ဆန္ဒမဲလက်မှတ်တစ်ခုပယ်မဲဖြစ်သွားခဲ့လျှင် မိမိအတွက်၊ လွှတ်တော်ကိုယ်စားလှယ်အတွက်၊နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှုဖြစ်စေနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မိမိဒေသအကျိုး၊ မိမိနိုင်ငံအကျိုးကို အမှန်တကယ် သယ်ပိုးထမ်းဆောင်ပေးမည့်၊ ပြည်သူများကို ကိုယ်စားပြုနိုင်မည့် ပြည်သူ့ကိုယ်စားလှယ်များအား ပြည်သူများက မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်၍ ယနေ့ဆုံးဖြတ်ပေးရမည်ဖြစ်ရာ မဲရုံအသီးသီးသို့သွားရောက်၍ စနစ်တကျ မဲပေးရွေးချယ်ပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ