နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KNLA အဖွဲ့၊ ABSDF အဖွဲ့၊ NMSP (မွန်) (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင်ရှစ်ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ
နေပြည်တော် ဇွန် ၃
နိုင်ငံတော် အစိုးရအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများအား လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်း အပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KNLA အဖွဲ့၊ ABSDF အဖွဲ့၊ NMSP (မွန်) (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ အဖွဲ့တို့မှ အဖွဲ့ဝင်အမျိုးသား ရှစ်ဦးတို့သည် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး တိုင်းမှူးက တရားဥပဒေဆိုင်ရာ ပုဒ်မများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် ကာဘိုင်သေနတ် တစ်လက်၊ AK-47 သေနတ် တစ်လက်၊ M4 A1 သေနတ် တစ်လက်၊ SUR-M9 A-2 YSRA 1 YSO1-2419684 9mm အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ကျည်အတောင့် ၁၅၀၊ ကျည်အိမ် ခြောက်ခု၊ စကားပြောစက် တစ်လုံး (အားသွင်းကြိုးပါ)၊ လက်ထိပ်တစ်စုံတို့ကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ်သေနတ် သုံးလက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၅၀၊ ပစ္စတိုသေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ်သိန်း ၂၀၊ စကားပြောစက် တစ်လုံးအတွက် ဆုကြေးငွေကျပ်နှစ်သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် ငွေကျပ် ၂၄ သိန်း စုစုပေါင်းဆုကြေးငွေကျပ် ၁၉၆ သိန်းနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့ အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ် လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှ တစ်ဦး၊ ဘားအံမြို့နယ်မှ တစ်ဦး၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ တစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ တစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ တစ်ဦး၊ မွန်ပြည်နယ် ရေးမြို့နယ်မှ တစ်ဦး၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်မှ တစ်ဦးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်မှ တစ်ဦး စုစုပေါင်း ရှစ်ဦး ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ များစွာကျန်ရှိနေသေးကြောင်းသိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


