နေပြည်တော် မတ် ၁၉

 

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများ ကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

 

ထိုသို့ ဆောင်ရွက်ပေးမှုများကြောင့် PDF အမည်ခံအဖွဲ့ဝင်များသည် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လျက်ရှိသည်။ ထို့အတူ တပ်မတော်စစ်ကြောင်းများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းများကြောင့် ပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆို ထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှု၊ ယုံကြည်အားကိုးမှု၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့မှုများကြောင့် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကျဆင်းကာ ဆက်လက်ခုခံလိုခြင်း မရှိတော့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ အေးချမ်းစွာ နေထိုင်လိုကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် ဥပဒေ ဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိသူများက အသီးသီးကြိုဆို လက်ခံခဲ့ကြသည်။

 

 

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံခြင်းကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေး နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများ နှင့်ပတ်သက်၍ အသိပညာပေး စကားများ ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

 

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် လက်နက်မျိုးစုံ ၇၈ လက်နှင့် လက်ပစ်ဗုံး/ ဗုံးသီး ၃၈ လုံး၊ စကားပြောစက် သုံးလုံး၊ ကျည်အိမ်မျိုးစုံ အခု ၅၀၊ ကျည်မျိုးစုံ ၃၃၆၂ တောင့်၊ မိုင်းမျိုးစုံ ၁၄ လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်၊ ကျည်ကာဦးအုပ် ငါးလုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးကလက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် သေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၅၀ နှုန်း၊ RPG တစ်လက်အတွက် ဆုကြေးငွေကျပ် ၇၅  သိန်းနှုန်း၊ လက်လုပ်သေနတ် တစ်လက်နှုန်းအတွက် ဆုကြေးငွေကျပ် ငါးသိန်းနှုန်း၊ လက်ပစ်ဗုံး/ ဗုံးသီးတစ်လုံးစီအတွက် ဆုကြေး ငွေကျပ် သုံးသိန်းနှုန်း၊ စကားပြောစက်တစ်လုံးအတွက် ဆုကြေးငွေကျပ် နှစ်သိန်းနှုန်း၊ ကျည်ကာ အင်္ကျီတစ်ထည်လျှင် ဆုကြေးငွေကျပ် နှစ်သိန်းနှုန်း၊ ကျည်ကာဦးထုပ်တစ်လုံးလျှင် ဆုကြေး ငွေကျပ်နှစ်သိန်းနှုန်းနှင့် အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း ၂၀၀၀ ခန့် နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။ ဆက်လက်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။

 

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက်ခဲယမ်းများအား ကြည့်ရှုစစ်ဆေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

 

ယနေ့တွင် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား ပြန်လည်လွှဲပြောင်းအပ်နှံ ခဲ့မှုအနေဖြင့် မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ်မှ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ငါးဦး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား သုံးဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား တစ်ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား ခြောက်ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသားတစ်ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား နှစ်ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား တစ်ဦး၊ ငါန်းဇွန်မြို့နယ်မှ အမျိုးသား တစ်ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား လေးဦး၊ မိတ္ထီလာမြို့နယ်မှ အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး၊ နွားထိုးကြီးမြို့နယ်မှ အမျိုးသား ကိုးဦး၊ ရမည်းသင်းမြို့နယ်မှ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား လေးဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား ၅၈ ဦး၊ အမျိုးသမီး နှစ်ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား ၂၁၉ ဦး၊ အမျိုးသမီး ၃၁ ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ခုနစ်ဦး၊ ကျောက်ပန်းတောင်း မြို့နယ်မှ အမျိုးသား သုံးဦး၊ မြင်းခြံ မြို့နယ်မှ အမျိုးသား ရှစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ ညောင်ဦးမြို့နယ် မှ အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦး၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်မှ အမျိုးသား နှစ်ဦး၊ ငဖဲမြို့နယ်မှ အမျိုးသား သုံးဦး၊ တောင်တွင်းကြီး မြို့နယ်မှ အမျိုးသား သုံးဦးဖြစ်၍ အမျိုးသား ၄၅၃ ဦးနှင့် အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦးဖြစ်ကြောင်း သိရှိရသည်။

 

 

အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် အများစုသည် မိသားစုဝင် ဆွေမျိုးများအား ခြိမ်းခြောက်အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများ ဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည် အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

 

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ရင်တွင်း စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ အကြမ်းဖက်အဖွဲ့အစည်းထဲကို ဘယ်လိုဖြစ်ပြီးဝင်ဖြစ်သွားတာလဲဆိုရင်တော့ ကျွန်တော် နေပြည်တော်မှာ အလုပ်လုပ်နေရင်းကနေပြီးတော့မှ သူငယ်ချင်းက ဖုန်းဆက်ပြီး လှမ်းခေါ်တာပေါ့ နော်။ လာခဲ့၊ ဒီမှာလစာတွေ ကောင်းတယ်၊ အစစအရာရာ အားလုံးအဆင်ပြေအောင် လုပ်ပေးမယ်။ ဘာမှ လိုလေသေးမရှိစေရဘူးဆိုပြီး သူခေါ်ရာကနေမှ အကြမ်းဖက်အဖွဲ့အစည်းထဲ ရောက်သွားတာ ဖြစ်ပါတယ်။ အဲဒီကနေပြီးတော့မှ ကျွန်တော်သင်တန်းသုံးလတက်ခဲ့ရပါတယ်။ သင်တန်းသုံးလ တက်တဲ့အချိန် အတွင်းမှာဆိုရင်လည်း ဆေးဝါးတွေဆိုရင်လည်း လုံလောက်မှု မပေးဘူးပေါ့နော်။ စားတဲ့ ထမင်းတွေထဲမှာဆိုရင် သူတို့က ခဲယမ်းတွေ၊ ဓာတ်ဆီတွေ အဲဒီလိုမျိုး ထည့်ကျွေးတယ်။ အဲဒီလိုမျိုးထည့်ကျွေးတဲ့ အခါကျတော့ သင်တန်းက ပင်ပန်းတဲ့အချိန်နဲ့ စားတဲ့အခါမှာ အဆင်မပြေတဲ့အခါ ကျတော့ တချိုတွေဆိုရင်ဖျားကြတယ်။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်ကြတယ်။ ဒီလိုအခါမျိုးကျလို့ရှိရင် သူတို့က ဆေးခန်းသွားပြရင် နင်တို့က အစားအသောက်မှ မဆင်ခြင်တာ၊ ဒီလိုမျိုးတွေ ဖြစ်မှာပေါ့ဆိုပြီး ပစ်ထားတယ်။ မကုပေးဘူး။

 

 

တချို့တွေ ကျတော့လည်း ဒဏ်တွေမခံနိုင်လို့ ပြေးကြတယ်။ ပြေးတဲ့သူတွေ ဆိုရင်လည်း လမ်းမှာတင် ပစ်သတ်တယ်။ တချို့တွေဆို ပြန်ဖမ်းလာမိတဲ့ လူတွေဆိုရင်လည်း သူတို့တွေက လူတွေချုပ်ပြီးတော့မှ ရိုက်ကြတယ်။ တချို့ဆို တင်ပါးတွေ သွေးတွေထွက်တယ်။ ပါးတွေဆိုလည်း ပါးစပ်ထဲကနေ သွေးတွေ ထွက်တဲ့အထိ အဲဒီလိုမျိုးရိုက်တယ်။ ကျွန်တော်တို့ သင်တန်းကနေဆင်းပြီးတော့ ပြည်သူ့ဆက်ဆံရေး ဌာနမှာ တာဝန်ထမ်းဆောင်ရတယ်။ ပြည်သူ့ဆက်ဆံရေးဌာနမှာဆိုရင် ကျွန်တော်တို့ လမ်းတွေမှာ ဂိတ်တွေစောင့်ခဲ့ရတယ်ပေါ့။ ဂိတ်တွေစောင့်တဲ့အချိန်မှာဆိုရင် ဖမ်းဆီးရေးတွေ လိုက်ရတယ်။ ဖမ်းဆီးရေးတွေလိုက်တဲ့အခါမှာ ဆေးမှုတွေလိုက်ဖမ်းတယ်။ ဆေးမှုတွေ လိုက်ဖမ်းတဲ့ အချိန်မှာဆိုလည်း ဆေးတွေရလာတယ်။ ဆေးတွေရလာတယ်ဆိုရင် သူတို့ဘာသာသူတို့ ပြန်သုံးတယ်။ ပြီးရင်အပြစ်မရှိတဲ့ ပြည်သူတွေကို ဖမ်းလာတယ်၊ ရိုက်တယ်၊ နှက်တယ်၊ အချုပ်ချထားတယ်၊ ပြီးရင်ပိုက်ဆံတွေ တောင်းတယ်။

 

 

ရွှေလုပ်ကွက်တွေ ပေါ့နော်။ ရွှေလုပ်ကွက်ဆိုရင်လည်း စဉ့်ကူးနယ်မြေထဲမှာ ရွှေလုပ်ကွက် ၁၄ ကွက် ရှိတယ်။ ၁၄ ကွက်လုံးကို အကြမ်းဖက်အဖွဲ့အစည်းကနေပြီးတော့မှ လက်ဝါးကြီးအုပ်ထားတယ်။ ၁၄ ကွက်ထဲကို ဘယ်ပြည်သူ့ကိုမှ၊ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ သူတို့က အဝင်မခံဘူး။ ဝင်တဲ့သူတွေဆိုရင်လည်း ရိုက်တယ်၊ နှက်တယ်၊ ပြီးလို့ရှိရင်ဖမ်းတယ်၊ အချုပ်ချထားတယ်။ တချို့တွေဆိုရင် ခေါင်းတွေရေနွေးပူနဲ့ လောင်းခံရတယ်။ အဲဒီလိုမျိုးတွေတောင် ရှိခဲ့တယ်။ တပ်မတော်က စဉ့်ကူးနယ်ဘက်ကို ပြန်ပြီးတော့ ထိန်းချုပ်တဲ့အခါမှာ ပြည်သူတွေ လုပ်ကိုင်စားသောက် ဖို့အတွက်ဆိုပြီး ရွှေလုပ်ကွက်ကို ဘယ်နှကွက်၊ ဘယ်နှကွက်ဆိုပြီး ပြန်ချပေးတာမျိုးရှိတယ်။ အကြမ်းဖက် အဖွဲ့အစည်းကျတော့ အဲဒီလိုမျိုးမဟုတ်ဘူးဗျ။ သူတို့က ဒီဟာကို ငါတို့ပဲ အပိုင်သိမ်းမယ်၊ ဘယ်သူမှ လာဝေယူလို့မရဘူး အဲဒီလိုမျိုးတွေပေါ့။

 

 

အင်းလုပ်တယ်ပေါ့။ အင်းလုပ်တယ်ဆိုရင်လည်း သူတို့က တစ်လကို ၁၀ သိန်း တောင်းတယ်။ မပေးနိုင်တဲ့သူဆိုရင် ရိုက်တယ်၊ အဲဒီလိုမျိုးတွေ လုပ်တာပေါ့နော်။ ပြီးလို့ရှိရင် ကျွန်တော်အဲဒီမှာမှ အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်။ ဒီရဲဘော်လုပ်တဲ့ ကာလအတွင်းမှာဆိုရင်လည်း ရဲဘော် အချင်းချင်းဆိုရင်လည်းဗျာ သူတို့တွေက မထီမဲ့မြင်နဲ့ ပြောတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ အထက်က တာဝန်ခံတွေဆိုရင်လည်း ရဲဘော်မိန်းကလေးတွေဆိုရင် ချောချောလေးတွေဆို သူတို့နားကို ခေါ်ထားတယ်။ ပြီးရင် ရိသဲ့သဲ့စကားတွေပြောတယ်။ ခြေတော်တွေတင်တယ်။ အဲဒီလိုမျိုးတွေ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတယ်။ အဲဒီလိုမျိုးတွေရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် မလုံခြုံဘူးထင်လို့ အဲဒီကနေမှ ထွက်ပြေးခဲ့တယ်။ ထွက်ပြေးခဲ့ပြီးတော့ ကျွန်တော်တို့ တပ်မတော်ဘက်ကို အလင်းဝင်တယ်။ တပ်မတော်ဘက်ကို အလင်းဝင်တဲ့အခါမှာဆိုလည်း သူတို့ကပြောတယ်။ နင်တို့မိန်းကလေးတွေ တပ်မတော်ဘက် အလင်းဝင်လို့ရှိရင် နင်တို့ကို အဓမ္မ ပြုကျင့်လိမ့်မယ်။ ပြီးလို့ ရှိရင် ယောက်ျားလေးတွေဆိုရင်လည်း စစ်မှုထမ်းထဲကို ဆွဲထည့်မှာ အဲဒီလိုမျိုးတွေ ပြောတယ်။ ဒါပေမဲ့ တကယ့်တကယ် ကျွန်တော်တို့ ဝင်ခဲ့တဲ့အချိန်မှာ အဲဒီလိုမျိုး လုံးဝမဟုတ်ပါဘူး။ သူတို့စားသလိုမျိုးလည်း စားရတယ်။ သူတို့နေသလိုမျိုးလည်း နေရတယ်။ အစစအရာရာ အားလုံးအဆင်ပြေအောင် အကုန်လုပ်ပေးပါတယ်။ ဘာမှလိုလေသေးမရှိပါဘူး။ သူတို့ပြောခဲ့၊ သူတို့ ကျွန်တော်တို့ကို စကားတွေနဲ့ သွေးထိုးခဲ့တဲ့ စကားတွေက ကျွန်တော်တို့ အခု လက်တွေ့မှာတော့ လုံးဝတခြားစီပါပဲ။ ကျွန်တော် ပြောချင်တာက တောထဲမှာပေါ့နော်၊ ကိုယ့်ဘဝကို အနစ်မွန်းမခံပါနဲ့။ တပ်မတော်ဘက်ကို လာပြီးတော့မှ အလင်းဝင်ပါ။ တပ်မတော်ဘက်ကို အလင်းဝင်တဲ့အတွက်ကြောင့်မို့ လို့လည်း အခုဆိုရင် ကျွန်တော်ဆိုလည်း ကိုယ့်အိမ်ကိုယ် ပြန်ရတော့မယ်။ ပြီးလို့ရှိရင်လည်း ကိုယ့်မိဘတွေနဲ့ကိုယ် ပြန်ဆုံတွေ့ရတော့မယ်။ တပ်မတော်ဘက်ကို လာပြီး တော့မှ အလင်းဝင်ပါ။ တပ်မတော်ကလည်း ကြိုဆိုနေပါတယ်။ ကျွန်တော်ကလည်း နောက်နောင် ဒီလိုအဖွဲ့အစည်းမျိုးကို ဘယ်တော့မှ မပတ်သက်တော့ပါဘူး လို့လည်း ကတိပြုပါတယ်။

 

 

၂။ ကျွန်မ အကြမ်းဖက်အဖွဲ့ အစည်းထဲကို စဝင်ခါစက ကျွန်မအသက်မှာ ၁၅ နှစ်ပဲ ရှိပါသေးတယ်။ အကြမ်းဖက်အဖွဲ့အစည်းထဲကို ဝင်သွားတဲ့အကြောင်းရင်းကတော့ အကြမ်းဖက်အဖွဲ့အစည်းက ကျွန်မတို့ရွာကိုလာပြီးတော့ စည်းရုံးရေးဆင်းတယ်၊ ဟောပြောပွဲတွေလုပ်တယ်၊ တစ်အိမ်တစ်ယောက် မလိုက်မနေရပုံစံမျိုးတွေနဲ့ ကောက်ခံတယ်။ သူတို့က တစ်အိမ်တစ်ယောက်မှ မလိုက်လို့ရှိရင် မိသားစုတွေ ဒုက္ခပေးမယ်၊ အဖေအမေတွေကို သတ်ပစ်မယ် ဘာညာနဲ့ ပြောတော့ ကျွန်မတို့လည်း ကြောက်ပြီးတော့ အဲဒီထဲဝင်သွားခြင်းဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းထဲကို ရောက်တော့ ကျွန်မတို့ စစ်သင်တန်းသုံးလတက်ရတယ်။ စစ်သင်တန်း သုံးလမှာဆိုရင်လည်း ဆေးဝါး လုံလောက်မှု မရှိဘူး။ အဲဒါကြောင့်မို့လို့ တချို့သူတွေက အဲဒီဒဏ်တွေ မခံနိုင်လို့ ထွက်ပြေးတဲ့သူတွေ ရှိတယ်။ ထွက်ပြေးလို့ မိလို့ရှိရင်လည်း သူတို့က သတ်ပစ်တယ်၊ ရိုက်နှက်တယ်၊ နှိပ်စက်တယ်။ အဲဒါကြောင့် မို့လို့ ကျွန်မတို့လည်းကြောက်ပြီးတော့ စစ်သင်တန်းကို ပြီးဆုံးအောင် တက်ခဲ့တယ်။ စစ်သင်တန်းပြီးတော့ ကျွန်မတို့တွေ ပြည်သူ့ဆက်ဆံရေးမှာ တာဝန်ကျတယ်။ ပြည်သူ့ဆက်ဆံရေး ကားလမ်းမကြီးမှာ ဂိတ်စောင့်ရတယ်။ အခွန်ကောက်ခံတဲ့ပုံစံမျိုးနဲ့ သူတို့က ဆက်ကြေးတွေ ကောက်ခံတယ်။ ဆီပီပါတွေဆိုရင်လည်း ထက်ဝက်ဈေးတွေနဲ့ ကောက်ခံတယ်။

 

 

ဆီပီပါတွေကို ထက်ဝက်ဈေး နဲ့ ကောက်ခံလို့ တချို့ပြည်သူ မပေးနိုင်ဘူး။ မပေးနိုင်တဲ့ ပြည်သူတွေ ဆိုရင်လည်း ဆီပီပါတွေဆွဲချတာတွေရှိတယ်။ ပစ္စည်းတွေ ဆွဲယူတာတွေရှိတယ်၊ အဲဒါကြောင့် တချို့ပြည်သူတွေဆိုရင်လည်း သံသယအနေနဲ့ခေါ်တယ်၊ ခေါ်ပြီးတော့ သူတို့တွေက နှိပ်စက်တယ်၊ ရိုက်နှက်တယ်၊ လက်သည်း ခြေသည်းခွံတွေခွာတယ်၊ ခေါင်းတွေကို ရေနွေးပူတွေလောင်းတယ်၊ သူတို့ပြောတာ ပြည်သူသာအမိ ပြည်သူသာအဖ၊ သူတို့လုပ်နေတာနဲ့ သူတို့ပြောတာနဲ့ လက်တွေ့မှာ တခြားစီပဲ။ ကျွန်မတို့ရဲဘော်တွေဆိုရင်လည်း တန်းတူတန်းတူဆိုပြီး သူတို့အရာရှိတွေကျတော့ KTV သွားတယ်၊ မကောင်းတဲ့ မိန်းမတွေနဲ့ ပျော်ပါးတယ်၊ သောက်စားတယ်၊ K ရှူတယ်၊ ရာမတွေ သုံးတယ်။ သူတို့ဆို တစ်ညတစ်ညသွားပြီဆို ရာချီထောင်ချီကုန်တယ်။ ရဲဘော်တွေဆိုရင်လည်း မိန်းကလေးတွေကို အဓမ္မပြုကျင့်တယ်။ သင်တန်းသူ ကောင်မလေးကို ညကြီးအချိန်မတော် စကားပြောချင်လို့ဆိုပြီး ခေါပြီးတော့ အဓမ္မပြုကျင့်တယ်၊ ကောင်မလေးကိုကျတော့လည်း ဘာတာဝန်မှ မယူဘဲနဲ့ နယ်ကို ပြန်ပို့တယ်၊ ကောင်လေးကို ကျတော့လည်း ဘာပြစ်မှု ပြစ်ဒဏ်မှ မပေးဘဲနဲ့ ဒီအတိုင်းထားတယ်။ အဲဒါကြောင့် ကျွန်မတို့လည်း အဲဒီထဲမှာနေရတာ ကျွန်မတို့ကိုယ် ကျွန်မတို့ မလုံခြုံဘူးလို့ ထင်တယ်။ ကျွန်မတို့လည်း ကျွန်မတို့ဘဝကို ဒီထဲမှာတင် အဆုံးရှုံးမခံနိုင်ဘူး။ အဲဒါကြောင့် ကျွန်မတို့ ထွက်ပြေးခဲ့တယ်။ ထွက်ပြေးပြီးတော့ ကျွန်မတို့ အလင်းဝင်ဖို့ ကြိုးစားတယ်။ သူတို့က ကျွန်မတို့ကို နားရိုက်သွင်းခဲ့တယ်။ နင်တို့ တပ်မတော်ဘက်ကို အလင်းဝင်လို့ရှိရင် နင်တို့တွေ မိန်းကလေးဆိုရင် အဓမ္မပြုကျင့်မှာ၊ ယောက်ျားလေးဆိုရင်လည်း အသက် ၁၈ နှစ်ပြည့်ရင် စစ်မှုထမ်း တွေခေါ်မှာ။ အဲဒါနဲ့ ကျွန်မတို့လည်း ကြောက်တော့ ရှေ့မှာအလင်းဝင်တဲ့ သူငယ်ချင်းကိုမေးတယ်။ သူငယ်ချင်း အားလုံးအဆင်ပြေလား။ သူငယ်ချင်း အဆင်ပြေတယ်၊ ဘာမှ စိတ်မပူနဲ့၊ တပ်မတော်ဘက်ကလည်း နင်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုနေတယ်။ ကျွန်မတို့လည်း ဒီကတာဝန်ရှိတဲ့ ဗိုလ်ကြီးတွေနဲ့ ဆက်သွယ်ပြီး ကျွန်မတို့ ဒီမှာ အလင်းဝင်ခဲ့တယ်။ ကျွန်မတို့ ဒီမှာရောက်တော့လည်း အားလုံးက နွေးနွေးထွေးထွေး ကြိုဆိုတယ်။ ကျွန်မတို့ဆိုရင်လည်း အစစအရာရာ လုပ်ပေးတယ်။ သူတို့နေသလို နေရတယ်။ သူတို့စားသလို စားရတယ်။ ကျွန်မတို့ အမှောင်ထဲကနေ အလင်းကို ပြန်ဝင်လာတာ ကျွန်မတို့ အလွန်ကို မှန်တယ်ပေါ့။ အဲဒါကြောင့်မို့ ဟိုမှာရှိနေခဲ့တဲ့ သူငယ်ချင်း ညီအစ်ကို မောင်နှမ တွေကိုလည်း အဲဒီထဲမှာနေပြီး ကိုယ့်ကိုယ်ကိုယ် အနစ်မွန်းမခံပါနဲ့၊ တပ်မတော်ဘက်ကိုလာပြီး အလင်းဝင်ပါ။ ကိုယ့်ကိုယ်ကိုယ် အဲဒီဘဝထဲမှာ အနစ်မွန်းမခံပါနဲ့၊ ကျွန်မတို့လည်း ဒီကနေ အလင်းဝင်ပြီး ပြန်လို့ရှိရင်လည်း ကိုယ့်မိဘ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ကောင်းကောင်းမွန်မွန် နေထိုင်ပြီးတော့ ကောင်းကောင်း မွန်မွန် လုပ်စားပြီးတော့ ကျွန်မတို့ လည်း နောက်နောင် ဒီလိုအမှား မျိုးကို မကျူးလွန်တော့ပါဘူးလို့ကတိသစ္စာပြုပါတယ်။

 

 

၃။ ကျွန်တော် အကြမ်းဖက်အဖွဲ့အစည်းထဲ ရောက်သွားရတဲ့အကြောင်းရင်းက ကျွန်တော် ရမည်းသင်းမှာ လုပ်ငန်းလုပ်နေတဲ့အချိန် သူငယ်ချင်းက ဖုန်းဆက်ခေါ်ပါတယ်။ ယောက်ဖလာခဲ့၊ ဒီဘက်မှာ အလုပ်လုပ်လို့ အလွန်ကောင်းတယ်၊ ပိုက်ဆံလည်း အတော်ရတယ်ဆိုပြီး သူခေါ်လို့ ကျွန်တော် ရောက်လာပါတယ်။ ရောက်လာတဲ့အချိန်မှာ သူကကျွန်တော့်ကို လူစုဆောင်းရေး ပို့လိုက်တယ်။ လူစုဆောင်းရေးမှာ လူတွေအများကြီးမို့လို့ ဦးလေးတို့၊ ဒေါ်လေးတို့တွေ့တော့ မေးကြည့်တယ်။ ဦးလေးတို့၊ ဒေါ်လေးတို့ ဘယ်သွားပြီး အလုပ်လုပ်ကြမှာတုံးလို့ မေးတော့ အဲဒီဦးလေး၊ ဒေါ်လေးတွေ ပြောတယ်၊ ဘယ်လုပ်ငန်းသွားလုပ်ရမှာတုံး၊ ငါတို့ကို လက်နက်ကိုင်ပြီး တိုက်ခိုင်းဖို့လို့ ပြောတယ်။ အဲဒါကျမှ ကျွန်တော်က ကျွန်တော့်ကို သူကလိမ်ခေါ်မှန်းသိတယ်။ သိတော့ ကျွန်တော်တစ်ခါတည်း ထွက်ပြေးဖို့လုပ်တယ်။ လုပ်တော့ကျတော့ သူတို့ကပြောတယ်၊ မင်းတို့ ထွက်ပြေးရင် မင်းတို့တင် မကဘူး၊ မင်းတို့မိသားစုပါ သတ်ပစ်မှာလို့ ခြိမ်းခြောက်ထားလို့ ကျွန်တော်က အဲဒါနဲ့ သူတို့ ပြောတဲ့အတိုင်းပဲ နေလိုက်တယ်။ နေပြီးတော့ သူတို့ပေးတဲ့သင်တန်း ကိုလည်း ကျွန်တော် တက်လိုက်တယ်။ သင်တန်းတက်တဲ့အခါမှာလည်း ခက်ခက်ခဲခဲ ထမင်းဆိုလည်း နပ်မမှန်ဘူး၊ ရောဂါဖြစ်ရင်ကြိုပြော မင်းတို့ရောဂါရှိတဲ့လူ ရှေ့တန်းမပို့ဘူး၊ အသက်မပြည့်တဲ့ ကလေးတွေလည်း ရှေ့တန်းမပို့ဘူးလို့ သူတို့ကပြောတယ်။ ဒါပေမဲ့ သူတို့က သင်တန်းလည်းဆင်းပြီး ရော ကျွန်တော်တို့ကို ပြောတယ်။ ရှေ့တန်း တန်းပို့တယ်။ အသက်မပြည့်တဲ့ ကလေးတွေ ၁၅၊ ၁၆၊ ၁၇ တွေအစ ပါပါတယ်။ ရှေ့တန်း မှာလည်း လက်နက်ခဲယမ်းဆို ပြည့်ပြည့်ဝဝ ပေးမထားပါဘူး။ လူဆိုလည်း နည်းနည်းလေးပဲ ပေးထားပါတယ်။ ကျွန်တော်လည်း မိဘကို ချစ်တဲ့သူမို့ ကိုယ့်မိဘနဲ့ကိုယ် ပြန်တွေ့ချင်လို့ ရှေ့တန်းကနေ ထွက်ပြေးတယ်။ အိမ်ရောက်တော့ကျ ပြည်သူတွေက၊ မိဘပြည်သူတွေက ကျွန်တော်တို့ကို အနေမခံချင်ဘူး ရွာထဲကို၊ မိဘကိုယ်တိုင်ကိုက အနေမခံဘူး။ ပြန်အနေမခံတော့ သူတို့ အကြမ်းဖက်အဖွဲ့က ကျွန်တော်တို့ကို ပြန်လာဖမ်းတယ်။ လက်ပံလှမှာ ကျွန်တော်တို့ကို အချုပ်ချထားတယ်။ အချုပ်ချထားပြီးတော့ လက်ပံလှအချုပ်ထဲကနေ ကျွန်တော်အပါအဝင် နှစ်ယောက် ထပ်ထွက်ပြေးတယ်။ ပြေးပြီးတော့ ကျွန်တော်တို့ ပထမတစ်သုတ်မှာ အလင်းဝင် သွားတဲ့ သူငယ်ချင်းကို ဆက်သွယ်တယ်။ ကျွန်တော်ကိုယ်တိုင် မဝင်ရဲဘူး။ ဒါပေမဲ့ သူငယ်ချင်းက ပြောတယ်။ ကောင်းကောင်းမွန်မွန် ဖျောင်းဖျပြောတော့ သူပြောတဲ့စကားကို ယုံလို့ဆိုပြီးတော့ ကျွန်တော်ကိုယ်တိုင် အလင်းလာဝင်တယ်။ တပ်မတော်ကြီးက ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုတယ်။ စားနပ်ရိက္ခာဆိုလည်း ပြည့်ပြည့်ဝဝ ပေးတယ်။ ဆေးခန်းတွေ ဘာတွေလည်း အကုန်လိုက်ပို့တယ်။ လိုလေသေး မရှိအောင်လို့ ကျွန်တော်တို့ကို လိုက်ပို့ပေးပါတယ်။ အဲဒါကြောင့် မို့လို့ ကျွန်တော်လည်း အခုဆိုရင် ကျွန်တော်တို့ အခမ်းအနားပွဲပြီးရင် ကျွန်တော် အဖေအမေ အပါအဝင် ကျွန်တော်တို့ရွာကိုပဲ လွတ်လွတ်လပ်လပ် နေရတော့မယ်။ အဲဒါ ကြောင့်မို့လို့ ကျွန်တော်လည်း တောထဲမှာရှိနေတဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်း မိတ်ဆွေတွေကို ဒီနေရာကနေ သူတို့ကို အလင်းဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ နောက်နောင် အကြမ်းဖက်အဖွဲ့နဲ့ ကျွန်တော် မပတ်သက်တော့ပါဘူး လို့ မိဘပြည်သူထံမှာ ကတိသစ္စာ ပြုပါတယ်ခင်ဗျာ။

 

 

သတင်းစဉ်