နေပြည်တော် ဧပြီ ၂၀ 

 

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၁ ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပသည်။

 

အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်များသည် မိသာစုဝင်ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်နေမှုများကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များ အတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့မှ အမျိုးသား နှစ်ဦး၊ နတ်တလင်းမြို့မှ အမျိုးသား တစ်ဦး၊ မင်းလှမြို့မှ အမျိုးသား နှစ်ဦး၊ ညောင်လေးပင်မြို့မှ အမျိုးသား ခြောက်ဦး စုစုပေါင်း အမျိုးသား ၁၁ ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် လာကြသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းမှူးက ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား အသိပညာပေး အမှာစကား ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့ နှင့်အတူပါရှိလာသည့် MA1 သေနတ် တစ်လက်၊ MA3 သေနတ် နှစ်လက်၊ BA63 သေနတ် တစ်လက်၊ M79 လက်လုပ် သေနတ် တစ်လက်၊ ကျည်မျိုးစုံ ၂၅၂ တောင့်၊ ကျည်အိမ်မျိုးစုံ ရှစ်ခု၊ ၄၀ မမဗုံးသီး တစ်လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မောင်းပြန်ရိုင်ဖယ်သေနတ် တစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၅၀ နှုန်းဖြင့် လေးလက်အတွက် ငွေကျပ် သိန်း ၂၀၀၊ လက်လုပ်သေနတ် တစ်လက်အတွက် ဆုကြေးငွေးကျပ် ငါးသိန်း၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ တစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ၁၁ ဦး အတွက် ကျပ် ၃၃ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ခံဝန်ကတိလက်မှတ် ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံ ပေးအပ်ခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ 

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည်-

၁။ PDF ထဲကို ရောက်ရှိလာတာ ရွာအနီးကလူတွေက ကျေးရွာကို ကာကွယ်ဖို့ အဲဒီလိုမျိုးဖွဲ့စည်းခြင်းမျိုး ဖွဲ့စည်းမယ်ဆိုပြီး သွားရောက်ခြင်းဖြစ်တယ်။ ဆင့်ကဲဆင့်ကဲ အဲဒီလိုမျိုး သူတို့ကခိုင်းတယ်။ ညီတို့က အဲဒီလိုမျိုးဟာတွေ မကြိုက်ဘူး။ လုံးဝအပြစ်မရှိတဲ့ ပြည်သူတွေအပေါ်ကို နိုင်ထက်စီးနင်း ပြောတာတွေကို ညီတို့က လက်မခံနိုင်ဘူး။ အဲဒီလိုမျိုးတွေလည်းမကြိုက်ဘူး။ သူတို့ ခေါင်းစဉ်တပ်ထားတာ ပြည်သူ့ကာကွယ်ရေးဆိုပြီးတော့ ခေါင်းစဉ်တပ်ထားခဲ့တာ။ တကယ်တမ်းကျတော့ ခေါင်းစဉ်အလိုက်နဲ့ ဘာမှမသက်ဆိုင်တဲ့အတွက် ညီတို့လည်း ဆက်ပြီးတော့ သူတို့ဘက်မှာ ရပ်တည်ပေးနေစရာ အကြောင်းမရှိဘူး။ သူတို့ခိုင်းတာ စေတာလုပ်ပြီးတော့ ညီတို့နေပေးစရာအကြောင်း မရှိတော့ဘူး။ ညီတို့က အသားလွတ် မြေစာပင် အသေခံရမှာ။ အလင်းဝင်ဖို့ စဉ်းစားခဲ့တာတော့ကြာပြီ။ ဒါပေမဲ့ မဝင်ရဲဘူး။ အရင်တုန်းကတော့ ဝါဒမှိုင်းတွေမိထားတဲ့အတွက် ဒီအထဲကိုရောက်ရင် ဘယ်လိုမျိုးဖြစ်မလဲ။ စပြီးထွက်လာကတည်းက နည်းနည်းတော့ တုန်လှုပ်တာပေါ့။ ကျွန်တော်တို့ အမှားလုပ်ခဲ့တာကို ခွင့်လွှတ်ပေးပြီးတော့ နွေးထွေးစွာ ပြန်လည်ကြိုဆို ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။ အမြင်မှန် အမြန်ဆုံးရပြီးတော့ ဝင်စေချင်တယ်။ သူတို့လည်းဝင်ဖို့ဆန္ဒတွေတော့ရှိတယ်။ ဒါပေမဲ့ သူတို့က အကြောက်တရားလေး နည်းနည်းရှိနေသေးတယ်။ မေးလာခဲ့ရင် ပွင့်ပွင့်လင်းလင်းပဲပြောမှာ။ ဒီဘက်ကဘယ်လိုထားတယ်။ ဘယ်လိုအဆင်ပြေအောင်လုပ်ပေးခဲ့တဲ့အကြောင်းတွေ ပွင့်ပွင့်လင်းလင်းပြောပြပြီးတော့ ခေါ်ချင်တယ်။

 

၂။ ရွာမှာ အဲဒီလို ကိုယ့်ကိုစည်းရုံးတဲ့အချိန်မှာ သူတို့ပြောတဲ့ စကားတွေကိုယုံပြီးတော့ ကျွန်တော်ပါသွားခဲ့တာ။ ပြန်ဝင်လာဖြစ်တဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့လူငယ်တွေ မြေစာပင်ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကတော့ အလကားနေအလကား အသေမခံနိုင်ဘူး။ သူတို့ကောင်းစားဖို့အတွက်တော့ ကျွန်တော်တို့ မလုပ်နိုင်ဘူးဆိုတဲ့ အနေနဲ့ပဲ ကျွန်တော်တို့ ပြန်ဝင်လာခဲ့တာပါ။ ကျွန်တော်တို့ ဒီဘက်ကိုရောက်လာတော့ သူတို့ပြောတဲ့ဟာတွေနဲ့ တအားကွာခြားလွန်းတယ်။ ဒီဘက်မှာဆို ညီအစ်ကိုလို သွားလာတယ်။ တော်တော်လည်း ပျော်ပါတယ်။ နောက်ထပ်လာမယ့် ညီအစ်ကိုတွေကို လာခဲ့ပါလို့ပဲ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ဒီမှာ မိသားစုလို နွေးနွေးထွေးထွေးနဲ့ မိသားစုနဲ့ ကောင်းကောင်းမွန်မွန် နေရပါတယ်လို့ ပြောချင်ပါတယ်။

 

သတင်းစဉ်