နေပြည်တော် မတ် ၂၄
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် DPLA ၊ KNDF ၊ PNLO နှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင်အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ၂၇ ဦးတို့သည် လက်နက် ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် DPLA အဖွဲ့ဝင် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီးတစ်ဦး၊ KNDF အဖွဲ့ဝင် အမျိုးသားငါးဦး၊ PNLO အဖွဲ့ဝင် အမျိုးသား ၁၄ ဦး နှင့် သထုံ PDF အမည်ခံအဖွဲ့ဝင် အမျိုးသားတစ်ဦး စုစုပေါင်း အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကား ပြောကြားပြီး တာဝန်ရှိသူတစ်ဦး က နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြ သူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M-16 တစ်လက်၊ M-22 နှစ်လက်၊ စနိုက်ပါ တစ်လက်၊ AK-47 တစ်လက်၊ Type-81 သုံးလက်၊ ပစ္စတို နှစ်လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပစ္စတိုနှစ်လက် အတွက် ဆုကြေးငွေကျပ်သိန်း ၄၀၊ မောင်းပြန်ရိုင်ဖယ် ရှစ်လက်အတွက် ငွေကျပ်သိန်း ၄၀၀၊ အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၄၉ သိန်း စုစုပေါင်းငွေကျပ် ၄၈၉ သိန်းကို ပေးအပ်ပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ တစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက် အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေး ခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစား ဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ် ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူ များထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်း ပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -
၁။ ကျွန်တော်ကတော့ အကြမ်းဖက် DPLA အဖွဲ့ကနေ မှားခဲ့တာတွေ မှားခဲ့ပြီဖြစ်တဲ့အတွက် အမှားတွေကို အမှန်ပြင်ဖို့အတွက် အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။ အလင်းဝင်ရောက်တဲ့ အချိန်မှာလည်း တပ်မတော်မှ တာဝန်ရှိသူတွေက ကျွန်တော်တို့ကို မိသားစုသဖွယ် ညီအစ်ကို၊ မောင်နှမ အရင်းအချာလိုမျိုး ပြောဆိုဆက်ဆံတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာကျေနပ်ပါတယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ အလင်းဝင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ ဒါကြောင့်မို့ ကျန်ခဲ့တဲ့ တောထဲမှာရှိနေတဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ရဲဘော်တွေကိုလည်း တော်လှန်ရေးလုပ်ပြီးတော့ ဘာကိုတော်လှန်လို့ တော်လှန်နေမှန်းမသိဘဲနဲ့ အဓိပ္ပာယ်မဲ့ အသက်တွေ စတေးမယ့်အတူတူတော့ ကျွန်တော်တို့လိုမျိုးပဲ မိသားစုနဲ့လည်း စုံစုံလင်လင် နွေးနွေးထွေးထွေး ပြန်နေရအောင်လို့၊ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းရအောင်လို့ တပ်မတော်နဲ့ လက်တွဲပြီးတော့ အလင်းလာဝင်ရောက်ဖို့အတွက် ဖိတ်ခေါ်တိုက်တွန်းချင်ပါတယ်။
၂။ ကျွန်တော်ကတော့ သထုံ အကြမ်းဖက် PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူဖြစ်ပါတယ်။ ဒီ ၂၀၂၅ ဩဂုတ်လမှာ ကျွန်တော်ထွက်ပြေးလာခဲ့ပြီး တောင်ကြီးမှာရှိတဲ့ ကျွန်တော့်ရဲ့အစ်ကိုတစ်ယောက်ဆီကို တိမ်းရှောင်ပြီးတော့ ဒီကတပ်မတော်မှာရှိတဲ့ အရာရှိတွေကို ကျွန်တော်လှမ်းပြီး ဆက်သွယ်တယ်။ ကျွန်တော် လှမ်းပြီးဆက်သွယ်တဲ့အခါမှာလည်း ဆရာတို့က ကျွန်တော့်ကို ညီအစ်ကို၊ မောင်နှမလို၊ မိသားစုလို ဆက်ဆံတယ်။ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ မိသားစုနဲ့ ပြန်လည်တွေ့ဖို့ ကျွန်တော့်ကို လုပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်တယ်။ ကျွန်တော့်လိုပဲ အမြင်မှန်ရပြီးတော့ အလင်းဝင်လာဖို့အတွက် ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။
သတင်းစဉ်


