နေပြည်တော် ဖေဖော်ဝါရီ ၁၃

 

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံအမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီးကိုးဦး စုစုပေါင်း ၁၅၀ တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင်မန္တလေးမြို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်း ခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံ အဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်း ခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကိုခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ် ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်မှ အမျိုးသား ၁၂ ဦး၊ အမျိုးသမီးသုံးဦး၊ အမရပူရမြို့နယ်မှ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး နှစ်ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသားခုနစ်ဦး၊ ငါန်းဇွန်မြို့နယ်မှ အမျိုးသားတစ်ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား ၁၂ ဦး၊ နွားထိုးကြီးမြို့နယ်မှ အမျိုးသား ငါးဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး တစ်ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသားတစ်ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား၃၈ ဦး၊ အမျိုးသမီး သုံးဦး၊ တောင်သာမြို့နယ်မှ အမျိုးသားနှစ်ဦး၊ ချောက်မြို့နယ်မှ အမျိုးသားလေးဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသားခုနစ်ဦး၊ စလင်းမြို့နယ်မှ အမျိုးသားနှစ်ဦး၊ စေတုတ္တရာမြို့နယ်မှ အမျိုးသားလေးဦး၊ အောင်လံမြို့နယ်မှ အမျိုးသားတစ်ဦး၊ သရက်မြို့နယ်မှ အမျိုးသားတစ်ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသားသုံးဦး စုစုပေါင်း အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီးကိုးဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေ ပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် မောင်းပြန် ရိုင်ဖယ် ၁၅ လက်၊ RPG တစ်လက်၊ လက်လုပ်သေနတ်နှစ်လက်၊ လက်ပစ်ဗုံးနှင့် ဗုံးသီးမျိုးစုံ ၁၉ လုံး၊ စကားပြောစက် ငါးလုံး၊ ကျည်အိမ် ၃၅ ခု၊ ကျည် ၉၇၂ တောင့်နှင့် ကျည်ကာအင်္ကျီလေးထည်တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအား မောင်းပြန်ရိုင်ဖယ် တစ်လက်နှုန်းအတွက် ဆုကြေးငွေသိန်း ၅၀ နှုန်းဖြင့် ၁၅ လက်အတွက် ငွေကျပ်သိန်း ၇၅၀၊ RPG သေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ် ၇၅ သိန်း၊ လက်လုပ်သေနတ် တစ်လက်နှုန်းအတွက် ဆုကြေးငွေကျပ်ငါးသိန်းနှုန်းဖြင့် သေနတ်နှစ်လက်အတွက် ငွေကျပ် ၁၀ သိန်း၊ လက်ပစ်ဗုံးနှင့် ဗုံးသီးမျိုးစုံတစ်လုံးစီအတွက် ဆုကြေးငွေကျပ် သုံးသိန်းနှုန်းဖြင့် လက်ပစ်ဗုံးနှင့် ဗုံးသီးမျိုးစုံ ၁၉ လုံး အတွက်ငွေကျပ် ၅၇ သိန်း၊ စကားပြောစက် တစ်လုံးနှုန်းအတွက် ဆုကြေးငွေကျပ် နှစ်သိန်းနှုန်းဖြင့်စကားပြောစက် ငါးလုံးအတွက် ဆုကြေးငွေကျပ် ၁၀ သိန်း၊ ကျည်ကာ အင်္ကျီ တစ်ထည်နှုန်းအတွက် ဆုကြေးငွေကျပ် နှစ်သိန်းနှုန်းဖြင့် ကျည်ကာအင်္ကျီလေးထည်အတွက် ဆုကြေးငွေကျပ် ရှစ်သိန်းနှင့် လက်နက်မပါသူများအား တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ၁၃၃ ဦးအတွက် ဆုကြေးငွေကျပ် ၁၃၃ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၀၄၃ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထပ်မံ ထောက်ပံ့ပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်း အပ်နှံပေးအပ်ခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက်၊ ခဲယမ်းများအား ကြည့်ရှုစစ်ဆေး၍ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် လက်နက်၊ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများနှင့် ၎င်းတို့၏ မိဘများထံမှ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

 

၁။ အကြမ်းဖက်အဖွဲ့အစည်းထဲ ရောက်ရှိရတဲ့ အကြောင်းရင်းက ကျွန်တော်အလုပ်လုပ်မယ်ဆို ပြီးတော့ သူငယ်ချင်းတွေနဲ့ ချိတ်ထားပါတယ်။ သူငယ်ချင်းတွေက အကြမ်းဖက်အဖွဲ့ အစည်းထဲသွားမယ် လုပ်ထားပါတယ်။ မသိခဲ့ပါဘူး။ ဟိုရောက်တော့ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်နေပါတယ်။ ကျွန်တော်အိမ်ပြန်ချင်တယ်ပြောတော့ ကျွန်တော့ကို ပြန်မပို့ပါဘူး။ အရှင်ထွက်မရှိဘူး အသေထွက်ပဲရှိ တယ်လို့ပြောပါတယ်။ နောက်ပြီး ကျွန်တော့်ကိုလည်း ပြေးရင်ပစ်သတ်မယ်၊ မိဘတွေကိုလည်း လိုက်ရှာပြီး သတ်မယ်လို့လည်း ပြောပါတယ်။ အဲဒါကြောင့် ကျွန်တော် အကြမ်းဖက်အဖွဲ့အစည်းထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းနဲ့ တပ်မတော်နဲ့ တိုက်ပွဲတွေ ထိတွေ့မှုတွေရှိပါတယ်။ ဆုတ်ခွာရတဲ့ နယ်မြေတွေလည်းများပါတယ်။ ကျွန်တော်တို့ကို ဆက်ကြေးတွေ ကောက်ခိုင်းပါတယ်။ နွားထိုးကြီးမြို့နယ်ဘေးနားက ရွာနီးစပ်ရာရွာတွေ အိမ်တွေ ဆိုရင်လည်း ကောက်ရပါတယ်။ တစ်လကိုငါးသောင်း၊ ခုနစ်သောင်း၊ တစ်သိန်း အဲဒီလို ကောက်ရပါတယ်။ နိုင်ငံခြားမှာသွားပြီး အလုပ်လုပ်တဲ့သူတွေကိုလည်း ကောက်ရပါတယ်။ အဲဒါတွေဆိုရင် တစ်လကို ၁၀ သိန်း၊ ၁၂ သိန်း၊ သိန်း ၃၀ ကောက်ရပါတယ်။ အဲဒီလိုမျိုး မပေးဘူး။ သူတို့တောင်းတဲ့အချိန် မပေးဘူး မကြည်ဖြူတဲ့ ပုံစံတွေလုပ်ရင် အဲဒီလူကို ဒလန်ဆိုပြီး သတ်ပါတယ်။ ပြီးရင် မီးရှို့ဖျက်ဆီးပါတယ်။ ဒလန်ဆိုပြီး  သတ်တဲ့နေရာမှာလည်း သတ်တဲ့အဖွဲ့က သတ်သတ် ကိုရှိပါတယ်။ အဲဒါကြောင့်မလို့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ကျွန်တော်မကြိုက်ပါဘူး။ တပ်မတော်ထံလာရင်သတ်မယ် မိဘတွေကိုနှိပ်စက်မယ်၊ ကောင်းကောင်းမနေရဘူး၊ ကောင်းကောင်း မစားရဘူး၊ အဲဒီလိုမျိုးတွေလည်း ပြောပါတယ်။ တကယ်တမ်း မဟုတ်ပါဘူး။ လိုလေသေးမရှိအောင် ထားပါတယ်။ နောက်တစ်ခုက ကိုယ့်ညီအစ်ကို မောင်နှမလို၊ ကိုယ့်တူကိုယ့်သားလိုလည်း စောင့်ရှောက်ပါတယ်။ ကျွန်တော်တို့ အလင်းဝင်လာတော့လည်း သူတို့ကလည်း နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပါတယ်။ ဒါကတော့ ကျွန်တော်မျက်မြင်ကိုယ်တွေ့ပါ။ တောထဲကညီအစ်ကိုမောင်နှမတွေ အားလုံးကိုလည်း ကျွန်တော်မှာ ချင်ပါတယ်။ နီးစပ်ရာစစ်ကြောင်း၊ နီးစပ်ရာဌာနဆိုင်ရာ၊ နီးစပ်ရာ အရပ်တွေကိုသွားပြီးတော့ အမြန်ဆုံး ချိတ်ဆက်ပြီး အလင်းဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

 

၂။ သင်တန်းတက်နေစဉ် ကာလအတွင်းမှာပဲ သင်တန်းဆရာတွေရဲ့ ခွဲခြားဆက်ဆံတာတွေကိုလည်း ခံခဲ့ရပါတယ်။ အဲဒီအထဲမှာလည်း ထွက်ပြေးဖို့တော့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်အရှေ့မှာ ပြေးတဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့လည်းပြန်မိတယ်။ ပြန်မိတော့ ကြိုးတွေနဲ့တုပ်ပြီး သေလောက်အောင် ရိုက်နှက်တာတွေလည်း ကိုယ်တိုင်မြင်ခဲ့တွေ့ခဲ့ရပါတယ်။ မြင်တွေ့တော့ ငါလည်း ပြေးမယ်ဆိုလို့ရှိရင် သူတို့လိုပဲပြန်မိမယ်ဆိုပြီးတော့ သင်တန်းကိုကြိတ်မှိတ်ပြီးတော့ တက်ခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်တဲ့ အချိန်မှာလည်း အဲဒီအကြမ်းဖက်ခေါင်းဆောင်တွေရဲ့ ပြည်သူတွေကို နှိပ်စက်မှုတွေ၊ မတရားငွေကြေးကောက်ခံမှုတွေ ပြီးတော့ရရှိလာတဲ့ငွေကြေးတွေကို ပြည်သူတွေအတွက် ပြန်လည်အသုံးပြုတာမရှိဘဲနဲ့ သူတို့ရဲ့ကိုယ်ကျိုးအတွက် အသုံးပြုတာတွေ ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာလည်း ကျွန်မ အဲဒီအကြမ်းဖက် အဖွဲ့အစည်းက ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ အဲဒီကနေတစ်ဆင့် တကောင်းဘက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ တကောင်းဘက်မှာလည်း အဲဒီလိုပဲ အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ ပြည်သူတွေအပေါ် နှိပ်စက်မှုတွေ၊ ငွေကြေးကောက်ခံမှုတွေကိုလည်း အရင်နည်းအတိုင်းပဲ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီမှာပဲ ကျွန်မအနေနဲ့အရဲစွန့်ပြီး မန္တလေးဘက်ကို ထွက်ပြေးလာခဲ့ပါတယ်။ လမ်းမှာလည်း ကိုးရက်လောက် အချိန်ကြာမြင့်ခဲ့ပါတယ်။ ခက်ခက်ခဲခဲ ကျော်ဖြတ်လာပြီးတော့ တပ်မတော်ထံမှာ အလင်းဝင်ခဲ့ပါတယ်။ တပ်မတော်မှာ အလင်းဝင်တဲ့ အခါမှာလည်း ကျွန်မတို့ကို နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ တကယ့်မိသားစု အရင်းအခြာတွေလိုလည်း ဆက်ဆံပါတယ်။ သူတို့ဟိုမှာ အကြမ်းဖက်အဖွဲ့အစည်းထဲမှာနေတုန်း ကလိုမျိုး သူတို့မှိုင်းသွင်းထားတာတွေရှိပါတယ်။ မင်းတို့ တပ်မတော်မှာ အလင်းဝင်မယ်ဆိုလို့ရှိရင် မင်းတို့ကိုသတ်မယ်။ မိန်းခလေးတွေဆိုလို့ရှိရင်လည်း အတင်းအဓမ္မ မုဒိမ်းကျင့်တာတွေရှိမယ်။ မိသားစုတွေကိုလည်း သတ်ဖြတ်တာတွေ ရှိတယ်ဆိုပြီးတော့ သူတို့မှိုင်းသွင်းထားတာ တွေရှိပါတယ်။ ဒါပေမဲ့တပ်မတော်ထံမှာ အလင်းဝင်တဲ့အခါမှာ အဲဒီလိုမျိုးတွေမရှိပါဘူး။ ကျွန်မတို့ကို နွေးနွေးထွေးထွေး ဆက်ဆံပါတယ်။ တောထဲမှာကျန်ခဲ့တဲ့ ကျွန်မရဲ့သူငယ်ချင်းတွေကိုလည်း အမြန်ဆုံး အမြင်မှန်ရပြီးတော့ တပ်မတော်နဲ့ပူးပေါင်းဖို့၊ တပ်မတော်ထံ အလင်းဝင်ဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။

 

၃။ ကျွန်မသားလေးက လွန်ခဲ့တဲ့ ၂ လ၊ ၃ လလောက်က ပျောက်သွားပါတယ်။ ပျောက်တဲ့ တစ်ရက်ကတော့ လိုက်မရှာခဲ့ပါဘူး။ ဒီလိုပဲ အပေါင်းအသင်းတွေနဲ့ သွားတယ်လိုပဲ မှတ်ခဲ့ပါတယ်။ နောက်နေ့ တစ်ရက် သွားရှာကြတော့ အနောက်ဘက်က လူတွေကပြောပါတယ်။ ဒီကလေးတွေ အနောက်ဘက် ကူးသွားတယ်ပြောတော့ ကျွန်မတို့မလိုက်သွားရဲတဲ့အတွက် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပါတယ်။ အုပ်ချုပ်ရေးမှူးကနေ အဲဒါဆိုရင် သက်ဆိုင်ရာကိုသွားပြီး သတင်း ပေးမယ်ဆိုပြီး ကျွန်မတို့ကိုခေါ်သွားပါတယ်။ ခေါ်သွားတဲ့အတွက် ဆရာတွေကလည်း အဲဒါဆို အမကြီးရဲ့ သားလေးက အသက်က ၁၂ နှစ်/ ၁၃ နှစ်ပဲရှိသေးတာကြောင့် အသက် မပြည့်သေးတဲ့အတွက် အဆက်အသွယ်လုပ်လာရင် ကျွန်တော်တို့ကို အကြောင်းကြားပါဆိုပြီး ကျွန်မတို့ကို အိမ်ကိုပြန်ပြီး အေးအေးဆေးဆေး နေထိုင်ခွင့်ပေးပါတယ်။ လွန်ခဲ့တဲ့ ငါးရက်လောက်က ကျွန်မသားလေး ကျွန်မဆီကိုပြန်လာခဲ့ပါတယ်။ သူပြန်လာတော့ ကိုယ့်သားသမီး ကိုယ့်ရင်ခွင်ထဲကို ပြန်လာတဲ့အတွက် ကျွန်မဝမ်းလည်းသာပါတယ်။ ဒါပေမဲ့ ကျွန်မတစ်ချက် စဉ်းစားတာက ကျွန်မသားလေးက အမှောင်နယ်မြေက ပြန်လာတဲ့အတွက် သူတို့ပြောသလိုပဲ ရိုက်မယ် ချွတ်မယ်ပဲ ထင်ခဲ့ပါတယ်။ တစ်ညလုံး အိပ်မပျော်ခဲ့ပါဘူး။ စဉ်းစားပြီး မနက်လင်းတော့ ကျွန်မအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ကို တိုင်ပင်ပါတယ်။ တိုင်ပင်တော့ ဒါဆိုရင်ဒီကလေးတွေကိုတို့ သက်ဆိုင်ရာပို့မယ်။ စိတ်ချကလေးတွေဘာမှ မဖြစ်စေရပါဘူးလို့ အုပ်ချုပ်ရေးမှူးက ကတိပေးပါတယ်။ အဲဒါနဲ့ ကျွန်မတို့ အပ်လိုက်ပါတယ်။ အပ်လိုက်ပြီး ၄/၅ ရက် လောက်ကြာတော့ သူများတွေပြောသလိုပဲ ကျွန်မသားတွေကို ခေါ်သွားပြီးတော့ ဒီအချုပ်ထဲမှာပဲထားပြီး ရိုက်မယ်နှက်မယ်မှတ်ပြီး ကျွန်မတို့ စိုးရိမ်ပြီးတော့ အုပ်ချုပ်ရေးမှူးကို ဦးလေးကျွန်မတို့ကလေးတွေနဲ့ တွေ့ချင်ပါတယ်လို့ပြောပါတယ်။ ပြောတော့လိုက်ပို့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ကလေးတွေဆီ ရောက်သွားတော့ သူတို့ပြောသလို မဟုတ်ဘဲနဲ့ ကလေးတွေကို ဆရာတွေက ကိုယ့်အိမ်လို သဘောထားပြီး နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပါ တယ်။ ဆရာစားသလို ကျွေးပါတယ်။ ကလေးတွေကို မေးပါတယ်။ မေးတော့ သားက “သားကိုဆရာ က ရိုက်လားမေးတော့ ကလေးတွေက မရိုက်ပါဘူးလို့”ဖြေပါတယ်။ အဲဒီအတွက် ကျွန်မဝမ်းသာပါ တယ်။ သူတို့လေးတွေ လွတ်လွတ်လပ်လပ်နေတာ မြင်တော့လည်း ကျွန်မပီတိဖြစ်ပါတယ်။ ဒီအခမ်းအနားပွဲပြီးရင် ကျွန်မသားလေးနဲ့ တွေ့ရတော့မယ့်အတွက် ကျွန်မအတိုင်းမသိ ဝမ်းသာပါတယ်။ ကျွန်မအရင်တုန်းကဆိုရင် ကျွန်မသားလေး သေသလား ရှင်သလားတောင် ကျွန်မ မသိပါဘူး။ အခုကျွန်မသားလေးကို နွေးနွေးထွေးထွေးကြိုဆိုတယ်။ ကျွန်မတို့ သားအမိတစ်တွေလည်း ပျော်ပျော်ရွှင်ရွှင်နေထိုင်ခွင့်ပေးတဲ့ ကျွန်မတို့ရွာက အုပ်ချုပ်ရေးမှူးကိုရော ဒီကအရာရှိ/ အရာခံ/ ဗိုလ်ကြီး တွေကိုလည်း ကျွန်မအထူးကျေးဇူးတင်ရှိပါတယ်။

 

သတင်းစဉ်