နေပြည်တော်၊ ၁၂      ဇွန်

 

နိုင်ငံတော်ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဖြစ်တော်မူသော သက်တော်(၉၅)နှစ်၊ သိက္ခာတော် (၇၅)ဝါရှိ၊ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တကဝိသာရ မဟာထေရ်ဆရာတော်ကြီးသည် ၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ရက် (၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်) ကြာသပတေးနေ့၊ နံနက် နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီးဖြစ်ရာ ဆရာတော်ကြီးအား ရည်စူး၍ ကုသိုလ်ပြု အမျှအတန်းပေးဝေခြင်းအခမ်းအနားကို ဇွန် ၁၂ ရက် နံနက် နာရီတွင် ဆရာတော်ကြီး၏ ဉတုဇရုပ်ကလာပ်တော်ထားရှိရာ  စံကျောင်းတော် (ရွှေရတုဗိမာန်) ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အန္တိမအဂ္ဂိဈာပနကျင်းပရေးဆပ်ကော်မတီ အသီးသီးတို့မှ ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင ့်နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ အမှူးပြုသည့် ဧည့်ပရိသတ်များက နေပြည်တော် ပျဉ်းမနားမြို့၊ သပြေတောင် တောရမဟာစည်ရိပ်သာ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဇာဂရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ ဆွမ်း၊ ရေချမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆပ်ကပ် လှူဒါန်းကြပြီး သပြေတောင်တောရ မဟာစည်ရိပ်သာ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဇာဂရ ထံမှ သံဝေဂကထာ တရားနာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ဉတုဇရုပ်ကလာပ်တော်အား ဇွန် ၁၁ ရက်မှ ၁၃ ရက်အထိ စံကျောင်းတော်(ရွှေရတုဗိမာန်)တွင် အပူဇော်ခံထားရှိမည်ဖြစ်ပြီး အန္တိမအဂ္ဂိ ဈာပန အခမ်းအနားကို ဇွန် ၁၄ ရက် မွန်းလွဲ နာရီတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်(ပြန်/ဆက်)