နေပြည်တော်၊ ၁၀ ဇွန်

နိုင်ငံတော်ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဖြစ်တော်မူသော သက်တော် ၉၅ နှစ်၊ သိက္ခာတော် ၇၅ ဝါရှိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဒေါက်တာဘဒ္ဒန္တကဝိသာရ မဟာထေရ်ဆရာတော်ကြီးသည် ၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၁ ရက်(၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်)၊ ကြာသပတေးနေ့၊ ၀၈ ၀၀ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါကြောင်းနှင့် ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်တော် အန္တိမအဂ္ဂိ ဈာပနကို ဇွန်  ၁၄ ရက် (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။ 

(သတင်းစဉ်)

နိုင်ငံတော်ဩဝါဒါစရိယ၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်ဆရာတော်
ဒေါက်တာ ဘဒ္ဒန္တကဝိသာရ မဟာထေရ်၏
ထေရုပ္ပတ္တိအကျဉ်း
၁။    ဘွဲ့တော်    -    ဒေါက်တာ ဘဒ္ဒန္တကဝိသာရ
၂။    သက်တော်/ဝါတော်    -     ၉၅/ ၇၅ (သုဓမ္မာ)
၃။    သာသနာဝင်မှတ်တမ်း    -    ၉/ပမန(သ) ၀၀၀၀၀၉
၄။    မွေးသက္ကရာဇ်    -     ၁၂၈၉ ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော် ၂  ရက်၊ တနင်္လာနေ့
၅။    ခမည်းတော်/မယ်တော်    -    ဦးအောင်မြင့် + ဒေါ်ညီမ
၆။    မွေးဖွားရာဇာတိ    -     လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ အလယ်ကျွန်းစုကျေးရွာ
၇။    ရှင်သာမဏေပြုခြင်း    -     ၁၃၀၀ ပြည့်နှစ်တွင် သာဝတ္ထိမြို့၊ လက်ပံတန်းမိုးကောင်း ကျောင်းဆရာတော် ဘဒ္ဒန္တပညာသီဟကို ဉပဇ္ဈာယ် ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
၈။    ရဟန်းပြုတော်မူခြင်း    -    ၁၃၀၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့တွင် ပျဉ်းမနားမြို့၊ တံခွန်တိုင်ကျောင်းခဏ္ဍသိမ်၌ အိုင်ဇောက် ကျောင်းဆရာတော် ဘဒ္ဒန္တလက္ခဏကို ဥပဇ္ဈာယ်ပြုလျက် ဦးညွန့်+ဒေါ်သင့်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
၉။    ပရိယတ္တိစာပေသင်ယူခြင်း    -    သာဝတ္ထိမြို့၊ လက်ပံတန်းမိုးကောင်းကျောင်းဆရာတော် ဘဒ္ဒန္တပညာသီဟ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်ဆရာတော် ဘဒ္ဒန္တသူရိယ၊ ဘဒ္ဒန္တဝိသုဒ္ဓ၊ ဘုရားကြီးတိုက်၊ ပေတောအုဋ္ဌ် ကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသ၊ ဘဒ္ဒန္တကုမာရာ ဘိဝံသ၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမအလယ်တိုက် ဆရာတော် ဘဒ္ဒန္တသုန္ဒရ စသော ဆရာတော်များထံ၌ ပရိယတ္တိစာပေများ သင်ယူဆည်းပူးခဲ့ပါသည်။
၁၀။    အောင်မြင်ခဲ့သောစာမေးပွဲ    -    ဆရာတော်သည် အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို အောင်မြင် တော်မူခဲ့ပြီး ၁၃၁၇ ခုနှစ်တွင် သာသနဓဇသိရီပဝရ ဓမ္မာစရိယဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။
   ၁၁။    သာသနာရေးအားပေး    -    ၁၉၈၀ ပြည့်နှစ်၊ ပထမဂိုဏ်းပေါင်းစုံ သံဃာ့အစည်း
    ဆောင်ရွက်ချက်         အဝေးကြီးကာလတွင် မြို့နယ်သံဃာ့ဝန်ဆောင်၊ မြို့နယ် သံဃနာယကအဖွဲ့ဝင်၊ မန္တလေးတိုင်းဒေသကြီးသံဃာ့ ဝန်ဆောင်၊ နိုင်ငံတော်သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပျဉ်းမနားမြို့၊ ပါဠိ ပထမပြန်စာပေးပွဲ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၊ ဓာတုစယဓာတ်ပေါင်းစု စေတီ တော်နှင့် လယ်ဝေးမြို့၊ ရန်အောင်မြင်ရွှေလက်လှ စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့၏ ဩဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန် များကို ထမ်းဆောင်လျက် ယနေ့တိုင်အောင် နိုင်ငံတော် ဩဝါဒါစရိယဆရာတော်ကြီးအဖြစ် သာသနာ့တာဝန် များကို ထမ်းဆောင်တော်မူခဲ့ပါသည်။
၁၂။    သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်    -    ၁၃၅၃ ခုနှစ်တွင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ် တော်၊ ၁၃၅၄ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် တော်၊ ၁၃၆၉ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ် တော်တို့ကို အလှူခံရရှိတော်မူခဲ့ပါသည်။
၁၃။    ဘဝနတ်ထံပျံလွန်တော်မူခြင်း    -    ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော် ၉၅ နှစ်၊ သိက္ခာတော် ၇၅ ဝါ၊၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၁ ရက် (၁၀-၆-၂၀၂၁)၊ ကြာသပတေးနေ့၊ ၀၈ ၀၀ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းနှင့် ၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၅ ရက် (၁၄-၆-၂၀၂၁)၊ တနင်္လာနေ့တွင် အန္တိမအဂ္ဂိ ဈာပနသဘင် ကျင်းပမည်ဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်းရရှိပါသည်။