နေပြည်တော် စက်တင်ဘာ ၁၀
ကာဇက်စတန်သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ H.E Ms. Elvira Azimova ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၇ ရက်မှ ၈ ရက်အထိ ကာဇက်စတန် သမ္မတနိုင်ငံ အက်စ်တာနာမြို့တွင် “Constitutional Justice: Dignity, Freedom and Justice for All” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲကို ကာဇက်စတန်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့နှင့် ကမ္ဘာ့လူ့အခွင့် အရေး ကြေညာစာတမ်း(၇၅)နှစ်ပြည့်မြောက်ခြင်းတို့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းကို မြှင့်တင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ထိန်းကျောင်းမှုအခန်းကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ရာတွင် ထိရောက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ထိန်းကျောင်းမှုများ၊ နိုင်ငံသားများ၏ တရားမျှတမှုနှင့် တန်းတူအခွင့်အရေးများ ရရှိစေရေး စသည့်အချက်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ကာဇက်စတန်သမ္မတနိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံပေါင်း (၁၉) နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံး၊ ခုံရုံး၊ တရားလွှတ်တော်ချုပ်တို့မှ ဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များနှင့် တရားသူကြီးများ၊ လူ့အခွင့် အရေးဆိုင်ရာကော်မရှင်မင်းကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဗင်းနစ်ကော်မရှင်နှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များနှင့် အခြားဖိတ်ကြားထားသည့်နိုင်ငံများမှ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းကို မြှင့်တင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ထိန်းကျောင်းမှုနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေရှုထောင့်အမြင်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားစီရင်ရေးအတွေ့ အကြုံများကို အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်းနှင့်အတူ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရူပါဦး တို့တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်