နေပြည်တော်၊ နိုဝင်ဘာ ၁၀

 

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်လာစေရန်အလို့ငှာ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများ၊ ခုံရုံးများနှင့် ကောင်စီများအကြောင်းကိုလည်းကောင်း၊ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကိုလည်းကောင်း၊ အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း (AACC)၊အ သင်းဝင်နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်များ အကြောင်းကိုလည်းကောင်း လေ့လာ၍ သုတေသနစာတမ်းများကို ပြုစုကာ ၂၀၂၂ ခုနှစ်၊ မေလမှစ၍ နှစ်ပတ်လျှင်တစ်ကြိမ် စာတမ်းဖတ်ပွဲများအား ကျင်းပလျက်ရှိသည်။

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ (၁၃) ကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဒေါက်တာ မာလာအောင် က “Implementation of Constitutional Review: Challenges and Development Trends”သုတေသနစာတမ်းကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမြင့် က “ဂါဘွန် နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံး” သုတေသနစာတမ်းကိုလည်းကောင်း ဖတ်ကြားကြပြီး အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်မှ ဒုတိယဉီးစီးမှူး ရာထူးအဆင့်အထိ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများနှင့်အညီ တက်ရောက်ခဲ့ကြသည်။

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် သုတေသနစာတမ်းဖတ်ကြားမှု နှင့်စပ်လျဉ်း၍ အများပြည်သူ သိရှိနိုင်ရန်အလို့ငှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး Website တွင် အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ပေးလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ဂျာနယ်များ၊ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် တရားရုံးများအကြောင်း စာအုပ်များကို အခါအား လျော်စွာ ထုတ်ဝေလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်