နေပြည်တော် ဇန်နဝါရီ ၃၀
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါရုံး၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်စီမံခန့်ခွဲမှုယန္တရားများကို ချောမွေ့စွာလည်ပတ်နိုင်ရန် အထောက်အပံ့ပေးရသည့် ပုဂ္ဂိုလ်များဖြစ်သည့်အတွက် နိုင်ငံတော်၏ ပင်မဥပဒေအရင်းအမြစ်ဖြစ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်၊ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ၊ ရာဇသတ်ကြီး အစရှိသည့် ဥပဒေများနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတရှိရန်လိုအပ်ကြောင်း၊ ထို့ပြင် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကိုလည်း လေးစားလိုက်နာရန်ကျင့်သုံးရန်လည်း လိုအပ်ကြောင်း၊ ဥပဒေဆိုင်ရာအခြေခံသဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီး၌ ပေးအပ်သည့်တာဝန်များကို ဥပဒေနှင့်အညီ စနစ်တကျတာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သော နိုင်ငံ့ဝန်ထမ်းများဖြစ်စေရန်အတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဉပဒေပညာရှင်တစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ဟောပြောဆွေးနွေးပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် အရာထမ်း၊ အမှုထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို တစ်လလျှင်နှစ်ကြိမ် လစဉ်ဆောင်ရွက်လျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေအပါအဝင် နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သည့် ပြည်တွင်းပြဋ္ဌာန်းဥပဒေ ၂၁ ခုကို ဥပဒေဘွဲ့ရအရာထမ်းများက ဟောပြောဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်