ရန်ကုန် နိုဝင်ဘာ ၂
နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး) ၁၃၈၃-၈၄ (၂၀၂၁-၂၀၂၂)ခု၊ ပညာသင်နှစ်အတွက် သာသနတက္ကသီလ ဓမ္မာစရိယတန်း(ပထမ)နှစ်သို့ တက်ရောက်လိုသော ရဟန်း/သာမဏေများသည် အစိုးရပထမကြီးတန်း၊ စေတီယင်္ဂဏစာသင်တန်း၊ သကျသီဟစာသင်တန်းတစ်ခုခု အောင်မြင်ပြီး သက်တော် (၃၀)နှစ်၊ သိက္ခာ(၁၀)ဝါအောက်ရှိရမည်။
သာသနတက္ကသီလမဟာ ဓမ္မာစရိယတန်း(ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း/သာမဏေများသည် သာသနတက္ကသီလ ဓမ္မာစရိယဘွဲ့၊ သာသနဓဇ ဓမ္မာစရိယဘွဲ့၊ သကျသီဟ ဓမ္မာစရိယဘွဲ့၊ စေတီယင်္ဂဏ ဓမ္မာစရိယ ဘွဲ့တစ်ခုခုရရှိပြီး သက်တော်(၃၅)နှစ်၊ သိက္ခာ(၁၅)ဝါအောက်ရှိ အရှင်မြတ်များ လျှောက်ထားနိုင်ပါကြောင်း သိရသည်။
သာသနတက္ကသီလ ဓမ္မာစရိယတန်း(ပထမ)နှစ် ဝင်ခွင့်လျှောက်ထားသော ရဟန်း/သာမဏေများသည် အစိုးရပထမကြီးတန်းနှင့် ညီမျှသော ဝိနည်းဆိုင်ရာ (၅)ပုစ္ဆာနှင့် အဘိဓမ္မာဆိုင်ရာ (၅)ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခု၊ ပါဠိဆိုင်ရာ (၅)ပုစ္ဆာနှင့် အထွေထွေဗဟုသုတ (၅)ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခုကို တစ်ရက်စီ စုစုပေါင်းနှစ်ရက် ဖြေဆိုကြရမည်ဖြစ်သည်။
သာသနတက္ကသီလမဟာ ဓမ္မာစရိယတန်း(ပထမ)နှစ် ဝင်ခွင့်လျှောက်ထားသော ရဟန်း/သာမဏေများသည် သာသနတက္ကသီလ ဓမ္မာစရိယတန်း (စတုတ္ထနှစ်)နှင့်ညီမျှသော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကို ပထမနေ့တွင် (က) အတ္ထယောဇနာ (ခ) ဝါကျသဒ္ဒါ (ဂ) အဓိပ္ပါယတ္တ (ဃ) ခေတ်လေ့လာနည်းအားဖြင့် (၁၀)ပုစ္ဆာ ဖြေဆိုရမည်။ ဒုတိယနေ့တွင် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ပြန့်ပွားဘာသာအားဖြင့် (၁၀)ပုစ္ဆာ ဖြေဆိုရမည်။
သာသနတက္ကသီလဝင်ခွင့် လျှောက်ထားလွှာများကို ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁)ရက်၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၄)ရက်၊ ကြာသပတေးနေ့မှ စတင်ထုတ်ပေးသွားမည်ဖြစ်ပြီး ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၁၆)ရက်၊ အင်္ဂါနေ့နောက်ဆုံးထား၍ လျှောက်လွှာပုံစံများကို သက်ဆိုင်ရာတက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးတို့တွင် တင်သွင်းနိုင်သည်။ အသေးစိတ်သိရှိလိုသော အချက်များကို နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းရုံး (ဖုန်း ၀၉-၅၄၀၀၈၂၈၊ ၀၉-၄၂၅၀၀၈၇၂၈)၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) မော်ကွန်းထိန်းရုံး (ဖုန်း ၀၉-၂၀၃၅၅၇၂၊ ၀၉-၂၅၀၂၃၀၇၉၁) တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်


