နေပြည်တော် မေ ၃

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိသူများနှင့်အတူ မေ ၃ ရက် နံနက်ပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ်ကျောင်းဆောင်တွင် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

 

ပြည်ထောင်စုဝန်ကြီးက ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ(၅၁)အုပ်ကို ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာမူ ဆောင်ရွက်နေမှုအခြေအနေ၊ သတ်မှတ်ကာလအတွင်း အဋ္ဌကထာ ကွန်ပျူတာစာမူစာအုပ်များ ထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးအထင်ကရ ဘုရားစေတီများ၌ ဘုရားစေတီတော်သမိုင်းဆိုင်ရာ အချက်အလက်များ၊ ဗုဒ္ဓဖြစ်တော်စဉ် ဗုဒ္ဓဝင်၊ ဗုဒ္ဓအဆုံးအမများ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဩဝါဒများ၊ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ထွန်းကားပြန့်ပွားရေး ဆောင်ရွက်နေမှုများကို တစ်နေရာတည်းတွင် အလွယ်တကူ ကျောင်းသား ကျောင်းသူလူငယ်များ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအပေါင်း၊ လေ့လာလိုသူများ ကြည်ရှုလေ့လာနိုင်ရန် (Pagoda Digital Directory) ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ လျောက်ထားတင်ပြရာ ပါမောက္ခချုပ်ဆရာတော်က အဋ္ဌကထာစာအုပ် ၅၁ အုပ် အမြန်ရိုက်နိုင်ရေးအတွက် အမြန်ဆုံး စီစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဩဝါဒပေးခဲ့သည်။

 

ထို့နောက် ပါမောက္ခချုပ်ဆရာတော်ကြီးအား ပြည်ထောင်စုဝန်ကြီးက လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

သတင်းစဉ်