၁၈  ဇူလိုင်

၁။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ အခွန်ငွေပေးသွင်းခြင်းလုပ်ငန်းစဉ်တွင် လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ (covD-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို အထောက်အကူဖြစ်စေရန်နှင့် အခွန်ပေးဆောင်ရာတွင် လွယ်ကူလျင်မြန်စေရန်ရည်ရွယ်၍ အီလက်ထရောနစ် ငွေပေးချေမှုစနစ်များ goowo m-Banking, e-Banking, i-Banking, Mobile Payment စနစ်များဖြင့် လည်းကောင်း၊ MPU Corporate Debit Card အသုံးပြု၍ Online မှလည်းကောင်း သက်ဆိုင်ရာဘဏ်များနှင့် ချိတ်ဆက်၍ ပေးဆောင်နိုင်ရေး ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။

၂။ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး (သို့မဟုတ်) အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများတွင် အခွန်ထမ်းဆောင်နေသည့် အခွန်ထမ်း ကုမ္ပဏီများ၏ ဝန်ထမ်းများအတွက် လစာဝင်ငွေခွန် ပေးဆောင်ခြင်းကို လုပ်ငန်းခွင်တည်ရှိရာ မြို့နယ်အခွန် ဦးစီးဌာနမှူး ရုံးများနှင့်ဆက်သွယ်၍ အခွန်ပေးဆောင်နေရမှုအစား အီလက်ထရောနစ် ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ထမ်းကုမ္ပဏီမှ အခွန်ထမ်းဆောင်နေသော အခွန်ရုံးများ၏ဘဏ်စာရင်းသို့ ပေးဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

၃။ လစာဝင်ငွေခွန် ပေးဆောင်မှုမှတ်တမ်းအဖြစ် မှတ်တမ်းစာအုပ် ထုတ်ပေးခြင်းအစား ဌာန၏ Data Center နှင့် ချိတ်ဆက်၍ မိုဘိုင်းလ် ဖုန်းစနစ် (Mobile App) ဖြင့် အခွန်ပေးဆောင်ထားရှိမှု အချက်အလက်များကို ကြည့်ရှုနိုင်ရန် ပြောင်းလဲဆောင်ရွက်မည်ဖြစ်ပါသည်။

၄။ အခွန်ထမ်းကုမ္ပဏီများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနသို့ပေးသွင်းရမည့် ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ရတနာခွန်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET စနစ်နှင့် ချိတ်ဆက်၍ ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရောနစ်ငွေပေးချေမှု စနစ်များကို အသုံးပြုပြီး လွယ်ကူ လျင်မြန်စွာနှင့် လုံခြုံစိတ်ချစွာဖြင့် ပေးဆောင်နိုင်ပါသည်။

၅။ ယင်းသို့ အခွန်ထမ်းပြည်သူများ နိုင်ငံတော်သို့ အခွန်ပေးဆောင်ရာတွင် ငွေသား/ချက်လက်မှတ်များအသုံးပြု၍ လူကိုယ်တိုင်လာရောက် အခွန်ပေးသွင်းနေမှုအစား အီလက်ထရောနစ် ငွေပေးချေမှုစနစ်ကို အသုံးပြု၍ အခွန်ပေးဆောင်ခြင်းဖြင့် သက်ဆိုင်ရာအခွန်ရုံးနှင့် သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်တို့ကို သွားရောက်ရသည့် အချိန်နှင့် ကုန်ကျစရိတ်သက်သာခြင်း၊ ငွေကြေးများကိုင်ဆောင်၍ သွားလာရန် မလိုအပ်သဖြင့် ငွေကြေးဆုံးရှုံးမှု အန္တရာယ်မရှိနိုင်ခြင်းနှင့် အလွဲသုံးစားနှင့် မသမာမှုအန္တရာယ်များ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါသည်။

၆။ အီလက်ထရောနစ် ငွေပေးချေမှုစနစ်အားအသုံးပြု၍ အခွန်ပေးသွင်းရာတွင် ပေးသွင်းမှု အထောက်အထားများ အဖြစ် သက်ဆိုင်ရာ အီလက်ထရောနစ် ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများမှ အခွန်ထမ်းသို့ အခွန်ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို ကနဦးထုတ်ပေးမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန် ရုံးများ၏ ငွေစာရင်းများတွင် အခွန်ငွေလွှဲပြောင်းလက်ခံရရှိပြီးပါက ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်းပြီးဖြစ်ကြောင်း အထောက်အထားကို အခွန်ထမ်းထံသို့ email အသုံးပြု ပေးပို့ အကြောင်းကြားမည် ဖြစ်ပါသည်။

၇။ သို့ဖြစ်ပါ၍ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ မှ စတင်၍ အခွန်ထမ်း မှတ်ပုံတင် အမှတ် (Taxpayer Identification Number-TIN) ရရှိပြီးဖြစ်သော အခွန်ထမ်းကုမ္ပဏီများအနေဖြင့် နိုင်ငံတော်သို့ အခွန်ငွေပေးဆောင်ရာတွင် ငွေသား/ချက်လက်မှတ်ဖြင့် အခွန်ငွေပေးသွင်းမှုအစား ပိုမိုလွယ်ကူလျင်မြန်ပြီး လုံခြုံမှုရှိသည့် အီလက်ထရောနစ် ငွေပေးချေမှုစနစ်များဖြင့်သာ အခွန်ပေးသွင်းနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

၈။ အခွန်ထမ်းကုမ္ပဏီများအနေဖြင့် သိရှိလိုသည်များရှိပါက အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး(နေပြည်တော်) ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၃၃၊ ၀၆၇-၃၄၃၀၅၂၂၊ (သို့မဟုတ်) အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး(ရန်ကုန်) အမှတ်-၅၉/၆၁(ပထမထပ်)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ် ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂၊ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း၊ ၂၂-၂၃ လမ်းကြား၊ ဖုန်းနံပါတ် ၀၂-၄၀၃၀၁၉၂ သို့ မေးမြန်းစုံစမ်း နိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန