နေပြည်တော် ဇူလိုင် ၁၃

မွန်ပြည်နယ် အာသောကရာမပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တမင်္ဂလာဘိဝံသ က သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သို့လှူဒါန်းမည့် ကျောက်မျက်ရတနာ (၃၅)မျိုး လွှဲပြောင်းပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် အာသောကရာမပရိယတ္တိစာသင်တိုက်  ဆရာတော်ဘဒ္ဒန္တ မင်္ဂလာဘိဝံသ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)ကိုယ်စား မွန်ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ်က ကျောက်မျက်ရတနာ (၃၅)မျိုး လှူဒါန်းလိုခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံ က နိုင်ငံတော်အစိုးရကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် အာသောကရာမပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တမင်္ဂလာဘိဝံသ ကိုယ်စား မွန်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်က ကျောက်မျက်ရတနာ(၃၅)မျိုးကို ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အဆိုပါ ကျောက်မျက်ရတနာ(၃၅)မျိုးကို မော်လမြိုင်မြို့ရှိ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့် အရည်အသွေးစစ်ဆေးခဲ့ရာ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၂,၆၂၂,၀၀၀ ရှိကြောင်း  သိရသည်။

သတင်းစဉ်