နေပြည်တော် ဇွန် ၂၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပမည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက နေပြည်တော်လေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်နှင့်အတူ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု - ဒေါ်မြရီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရသည်။

သတင်းစဉ်