နေပြည်တော် ၂၀ မေ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် ယနေ့ ညနေ ၆ နာရီ ၁၀ မိနစ်တွင် စကားပြောကြေးနန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆက်သွယ်ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ချီးကျူးဖွယ်ရာ အောင်မြင်မှုများ ရရှိခဲ့သည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကြိုးပမ်းရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံအား တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆေးပစ္စည်းများနှင့် ကူညီပံ့ပိုးမှုများ ဆက်လက်တိုးမြှင့်ပေးအပ်ရေး ကိစ္စများကို အလေးပေးဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း စိတ်ဓာတ်ကို အခြေခံ၍ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်ရေးကိစ္စ၊ မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်သည့် ၂၀၂၀ ပြည့်နှစ်တွင် အထိမ်းအမှတ် အခမ်းအနားများကို ကိုဗစ်-၁၉ အခြေအနေတည်ငြိမ်လာသည့်အခါ ကျင်းပသွားနိုင်ရေးကိစ္စ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စ၊ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ယခုနှစ်ဉီးပိုင်းက လာရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်အတွင်း အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ မြန်မာ-တရုတ် စီးပွားရေး စင်္ကြံအောက်မှ စီမံကိန်းများကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်သွားရေးနှင့် ကိုဗစ် ကပ်ရောဂါအခြေအနေ တည်ငြိမ်လာသည့်အခါ နှစ်နိုင်ငံအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်လည်ပတ်ရေးကိစ္စရပ်တို့နှင့် ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


