နေပြည်တော် ၅ ဇွန်

၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ မြို့တော်ဝန်များ၊ နေပြည်တော်ကောင်စီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှရေးရာ ကော်မတီဥက္ကဋ္ဌများ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံအမတ်ကြီးများ၊ ပြည်တွင်း ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာ၌ ယနေ့ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အလွန်ထူးခြားလေးနက်သည့်နေ့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသားအဆင့်နှင့် ဒေသအဆင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ ကျင်းပပြုလုပ်ခဲ့ကြပါကြောင်း၊ ၂၀၁၉ ခုနှစ် နိုင်ငံတကာအဆင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိပါကြောင်း။

မိမိတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားအနေဖြင့် လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုဆိုင်ရာ စိန်ခေါ်မှုပြဿနာများထဲတွင် လေထုညစ်ညမ်းမှုပြဿနာသည် ဦးစားပေးအနေဖြင့် အရေးတကြီး အလေးထား ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်နေပြီဖြစ်သည်ကို မီးမောင်းထိုးပြသည့်အနေဖြင့် ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနား၏ ဆောင်ပုဒ်အဖြစ် လေထုညစ်ညမ်းမှု တိုက်ဖျက်စို့ (Beat Air Pollution) ဟု သတ်မှတ်ထားပါကြောင်း။

လူသားများသည် ကောင်းစွာ အသက်ရှင်နေထိုင်နိုင်ရန်အတွက် သန့်ရှင်းသည့်ရေကို သောက်သုံးရန်၊ သန့်ရှင်းသည့် အစားအသောက်များကို စားသုံးရန် လိုအပ်သကဲ့သို့ သန့်ရှင်းသည့်လေကို အချိန်တိုင်း နေ့စဉ်ရှူရှိုက်နိုင်ရန်လိုအပ်ပါကြောင်း၊  သို့မှသာ အနာရောဂါ ကင်းရှင်းပြီး တစ်ဦးချင်းစီ ကျန်းမာဖွံ့ဖြိုးမှုမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ကောင်းကျိုးအဖြာဖြာကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည့်အတွက် သန့်ရှင်းသောလေကို ရှူရှိုက်နိုင်ရန် “လေထု ညစ်ညမ်းမှု တိုက်ဖျက်စို့” ဆောင်ပုဒ်နှင့် ပြည်သူများ အသိပညာ ပိုမိုနိုးကြားလာစေရန် ယနေ့အခမ်းအနားကို ကျင်းပခြင်း ဖြစ်ပါကြောင်း။

လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများနှင့်စပ်လျဉ်းပြီး အိမ်တွင်း၊ ရုံးတွင်း လေထုညစ်ညမ်းမှု (Indoor Air Pollution)နှင့် ပြင်ပလေထုညစ်ညမ်းမှု (Outdoor Air Pollution) ဟူ၍ နှစ်ပိုင်းခွဲပြီး လေ့လာကြည့်နိုင်ပါကြောင်း၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ လေ့လာဆန်းစစ်တွေ့ရှိချက်အချို့ကို ကောက်နုတ်ပြောရမည်ဆိုပါက ကမ္ဘာတစ်ဝန်းတွင် နေ့စဉ်ချက်ပြုတ်နိုင်ရန်အတွက် ထင်း၊ မီးသွေးနှင့် အခြားရုပ်ကြွင်းလောင်စာများကို အသုံးပြုရာမှ အိမ်တွင်းနှင့် စက်ရုံ အလုပ်ရုံအတွင်း လေထုညစ်ညမ်းမှုများကြောင့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်စေပြီး နှစ်စဉ် ဦးရေ ၄ ဒသမ ၃ သန်းခန့် သေဆုံး နေကြရပါကြောင်း၊ ထို့ပြင် စက်မှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများမှ အခိုးအငွေ့ထုတ်လွှတ်မှုများ၊ တောမီးလောင်ကျွမ်းမှုများ၊ သဲနှင့် ဖုန်မှုန့်များ ပါရှိသည့် မုန်တိုင်းတိုက်ခတ်မှုများကြောင့် ပြင်ပလေထုညစ်ညမ်းမှုဖြစ်စေပြီး နှစ်စဉ် လူဦးရေ ၃ ဒသမ ၇ သန်းခန့် သေဆုံးနေကြရပါကြောင်း၊ အဆိုပါ သေဆုံးမှုများထဲတွင် မိမိတို့၏ အရှေ့တောင်အာရှနှင့် အနောက်ပစိဖိတ်ဒေသများတွင် ဆုံးရှုံးမှုအများဆုံးဖြစ်ပြီး ကလေးများနှင့် အမျိုးသမီးများသည် ပိုပြီးခံစားရသည်ဟု လေ့လာသိရှိရပါကြောင်း။

ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို ဟင်းလင်းပြင်တွင် မီးရှို့ဖျက်ဆီးခြင်းသည်လည်း လေထုညစ်ညမ်းစေပြီး အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသူများ၏ ကျန်းမာရေးအပေါ် ထိခိုက်မှုအန္တရာယ်ကြီးမားသည့်အပြင် ရာသီဥတုပြောင်းလဲမှုကိုပါ ဖြစ်ပေါ်စေသည့်အတွက် တားဆီးကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကိန်းဂဏန်းများအရ ကမ္ဘာ့မြို့ပြဒေသများတွင် နေထိုင်သည့် လူဦးရေ၏ ထက်ဝက်ကျော်သာ သန့်ရှင်းသည့် လေကို ရှုရှိုက်ခွင့်ရကြသည်ဟု လေ့လာသိရှိရပါကြောင်း။ 

ထို့ကြောင့် ကမ္ဘာကြီးတွင် လေထုညစ်ညမ်းမှုပြဿနာသည် ဦးစားပေးအနေဖြင့် အစဉ်တစိုက် ရေရှည်ဖြေရှင်းဆောင်ရွက်သွားရမည့် ပတ်ဝန်းကျင်ဆိုင်ရာ အဓိကစိန်ခေါ်မှု တစ်ခုဖြစ်သည်ကို ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်က ဖော်ညွှန်း နေပါကြောင်း။

ကမ္ဘာ့ဘဏ်၏ လေ့လာဆန်းစစ်ချက်များအရ လေထုညစ်ညမ်းမှုကြောင့် စီးပွားရေး ဆုံးရှုံးမှု နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ထရီလီယံကို တစ်ကမ္ဘာလုံးအတိုင်းအတာ အနေဖြင့် အသုံးပြုနေရပါကြောင်း၊ သာဓကအချို့ကို ပြောရလျှင် အမေရိကန်နိုင်ငံတွင် စွမ်းအင်ထုတ်လုပ်ရာမှ လေထုညစ်ညမ်းမှုဖြစ်ပေါ်ခြင်းကြောင့် ၂၀၁၁ ခုနှစ်၌ ကျန်းမာရေး စောင့်ရှောက်မှု ကုန်ကျစရိတ် အပါအဝင် စီးပွားရေးအပေါ် ထိခိုက်မှုများအတွက် အမေရိကန် ဒေါ်လာ ၁၃၁ ဘီလီယံခန့် ကုန်ကျခဲ့ကြောင်း၊ အောက်စဖို့ဒ်တက္ကသိုလ်၏ လေ့လာမှုအရ မော်တော်ယာဉ်များနှင့် မီးရထားများကြောင့် လေထုညစ်ညမ်းမှုအတွက် နှစ်စဉ် ပေါင် ၆ ဘီလီယံခန့် ကုန်ကျနေရကြောင်း၊ ဥရောပပတ်ဝန်းကျင်အေဂျင်စီ (European Environment Agency)၏ လေ့လာတွေ့ရှိချက်အရ ဥရောပတွင် စက်မှုလုပ်ငန်းပေါင်း ၁၄၀ဝ၀ ကျော်မှ ထုတ်လွှတ်သည့် အခိုးအငွေ့များကြောင့် ၂၀၁၂ ခုနှစ်တွင် ယူရို ၁၈၉ ဘီလီယံခန့် ကုန်ကျခဲ့ရသည်ဟု သိရှိရပါကြောင်း။

Organization for Economic Co-operation and Development (OECD) ၏ လေ့လာတွေ့ရှိချက်တွင်လည်း ပြင်ပလေထုညစ်ညမ်းမှုကြောင့် အချိန်မတိုင်ခင် သေဆုံးမှုများအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် နှစ်စဉ်ကုန်ကျစရိတ်သည် ၂၀၆၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈ ထရီလီယံမှ ၂၅ ထရီလီယံအထိ ရှိလာနိုင်သည်ဟု သိရှိရပါကြောင်း၊ မိမိတို့အားလုံး အသက်ရှင်နေထိုင်နိုင်ရန်အတွက် သန့်ရှင်းသည့်လေကို နေ့စဉ် ရှူရှိုက်ခွင့်ရရှိနေရန် အလွန်ပင်အရေးကြီးလှပါကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်ညီလာခံတွင် လေထုညစ်ညမ်းမှုပြဿနာကို အလျင်အမြန် အရေးယူ ဖြေရှင်းဆောင်ရွက်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟု သိရှိရပါကြောင်း။

မကြာသေးမီကာလအထိ မြန်မာနိုင်ငံအနေဖြင့် အခြားဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ စက်မှုလုပ်ငန်းများစွာ မရှိသေးသည့်အတွက် မြို့ပြဒေသများတွင် လေထုညစ်ညမ်းမှုသည် ဆိုးဝါးပြင်းထန်သည့် အခြေအနေလောက်အထိ မဖြစ်ပေါ်သေးပါကြောင်း၊ သို့သော်လည်း ယခုနောက်ပိုင်းကာလများတွင် စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်များနှင့် စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ၊ မြို့ပြ၊ ပို့ဆောင်ရေး၊ အဆောက်အအုံနှင့် မော်တော် ယာဉ်အသုံးပြုမှု များပြားလာမှုများသည် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများအပါအဝင် စွန့်ပစ်ပစ္စည်းများနှင့် အခိုးအငွေ့ထုတ်လွှတ်မှုများ များပြားလာမှုကြောင့် ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှု ပြဿနာများ ဖြစ်ပေါ်လာနိုင်သည့်အတွက် စွန့်ပစ်ပစ္စည်းနှင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများကို ကဏ္ဍအသီးသီးတွင် အလေးထား ပေါင်းစပ်နိုင်ရန်အတွက် စနစ်တကျကြိုတင်စီမံ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

မိမိတို့၏ ပတ်ဝန်းကျင်တွင် သန့်ရှင်းသည့် လေထုအရည်အသွေးကို ရရှိခံစားနိုင်ရန် လက်တွေ့ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ပြန်ကြည့်မည်ဆိုပါက ပတ်ဝန်းကျင် အထောက်အကူပြုနည်းပညာများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ လေထုညစ်ညမ်းမှု နည်းစေသည့် သန့်စင်သည့် စွမ်းအင်အရင်းအမြစ်များကို ပြောင်းလဲအသုံးပြုခြင်း၊ ရေရှည်တွင် နေရောင်ခြည်၊ လေ၊ ရေ စွမ်းအင်ကဲ့သို့သော ပတ်ဝန်းကျင်လေထုကို ညစ်ညမ်းမှု မရှိစေသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဲ့သို့သော အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ အများပြည်သူပို့ဆောင်ရေးစနစ် ပိုမိုတိုးမြှင့်ပြီး မော်တော်ယာဉ်များ၏ ထုတ်လွှတ်အခိုးအငွေ့အပါအဝင် လေထုအရည်အသွေး စံချိန်စံညွှန်းများ ချမှတ်ပြီး စနစ်တကျကြပ်မတ်ဆောင်ရွက်ခြင်း၊ စွန့်ပစ်အမှိုက်များကို ဟင်းလင်းပြင်တွင် မီးရှို့သည့်နည်းကိုမသုံးဘဲ စွန့်ပစ်အမှိုက်များကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ အသစ်တစ်ဖန်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများ အသုံးပြုခြင်း၊ အိမ်တွင်း ချက်ပြုတ်မှုများအတွက် လောင်စာသက်သာပြီး အပူစွမ်းအင်ပိုကောင်းသည့် မီးဖိုများကို ကျေးလက်ဒေသများတွင် ကျယ်ပြန့်စွာဖြန့်ဝေပေးခြင်း၊ ပတ်ဝန်းကျင် ဆန်းစစ်မှုနှင့် စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခြင်းများနှင့်အတူ လူတစ်ဦး တစ်ယောက်ချင်းစီ၏ ခံယူချက်၊ လုပ်ဆောင်ချက်များကစပြီး အခြေခံကျကျ ပြုပြင်ပြောင်းလဲသွားရမည်ဖြစ်ပါကြောင်း။

အဆိုပါလုပ်ငန်းစဉ်များအတွက် ရေရှည်မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ တစ်ချိန်တည်းတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း။

ယခုနှစ် နွေရာသီ မတ်လနှင့် ဧပြီလအတွင်း မြန်မာ−ထိုင်းနယ်စပ်၌ တောမီးလောင်ကျွမ်းမှုကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများနှင့် ကြုံတွေ့ခဲ့ရပါကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution)အရ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု မရှိစေရန် ကာကွယ်ခြင်းနှင့် စောင့်ကြည့်တိုင်းတာခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက နိုင်ငံအတွင်း မီးထိန်းချုပ်ရေးအစီအမံများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ပိုမိုအားကောင်းလာအောင် ညှိနှိုင်းဆောင်ရွက်သွားရန်လည်း တိုက်တွန်းလိုပါကြောင်း။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan- MSDP)၏ လမ်းညွှန်ချက်နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး လုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီးတွင် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုပြီးဖြစ်သည့် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မအစီအစဉ်များကို ယနေ့ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် အဆိုပါမူဝါဒများ ထုတ်ပြန်နိုင်ခြင်းအပေါ် များစွာဂုဏ်ယူမိပါကြောင်း၊ တစ်ဆက်တည်းတွင် ယင်းမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ရေတို ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစသည့် ကဏ္ဍအသီးသီးတွင် လက်တွေ့ကျကျ ပေါင်းစပ်ပြီး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလေးအနက်ထား ပြောကြားလိုပါကြောင်း။

လေထုညစ်ညမ်းမှုသည် ဒေသဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ခုဖြစ်သည့်အတွက် လေထုညစ်ညမ်းမှုကို လျော့နည်းအောင် ပြုလုပ်ခြင်းအားဖြင့် အခြားတစ်ဖက်တွင်လည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသော မှန်လုံအိမ်အာနိသင်ရှိသည့် ဓာတ်ငွေ့များ လျော့ပါးရေးကို အထောက်အကူဖြစ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ မိတ်ဆက် ဖြန့်ဝေထားပြီးဖြစ်သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းစဉ် အတည်ပြုထုတ်ပြန်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးကို တင်ပြလာသည့် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို ကဏ္ဍအသီးသီးတွင် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

လက်ရှိထုတ်ပြန် ပြဌာန်းထားပြီးဖြစ်သည့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့် လမ်းညွှန်ချက်များ၊ စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာန၊ မြို့ပြအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ကျောင်းသူ ကျောင်းသားများ၊ ပြည်သူများအနေဖြင့် သိရှိနားလည်ရန်၊ မိမိတို့၏ကဏ္ဍအလိုက် ဖွံ့ဖြိုးမှုစီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်း အသီးသီးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး လုပ်ငန်းစဉ်များကို မဖြစ်မနေ ထည့်သွင်းပေါင်းစပ်ပြီး အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတကာတွင် အောင်မြင်နေသည့် နည်းပညာ၊ အတွေ့အကြုံများအပေါ် အခြေခံပြီး သဘာဝဂေဟစနစ်နှင့် သယံဇာတများ ရေရှည်တည်တံ့ရေး၊ မှန်လုံအိမ်ဓါတ် ငွေ့လျှော့ချရေးနှင့် လေထုညစ်ညမ်းမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စနစ်တကျ စီမံဆောင် ရွက်သွားခြင်းအားဖြင့် ရေရှည်တည်တံ့ပြီး စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ဟန်ချက်ညီသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက်ရရှိနိုင်လိမ့်မည်ဟု အပြည့် အဝယုံကြည်ပါကြောင်း။

ယခုကဲ့သို့ မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းစဉ်များ ထုတ်ပြန်နိုင်ရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအတွက် နည်းပညာ၊ ငွေကြေးအထောက်အပံ့ပေးနေသည့် ဥရောပသမဂ္ဂ(European Union)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(United Nations Development Programme-UNDP)၊ ကုလသမဂ္ဂအခြေချ နေထိုင်မှုအစီ အစဉ်(UN-Habitat)၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (United Nations Environmental Programme-UNEP)၊ ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB)၊ ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations-FAO)၊ ဂျပန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာအဖွဲ့(Institute for Global Environmental Strategies-IGES)၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency-JICA)၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Korea International Cooperation Agency-KOICA)၊ နော်ဝေပတ်ဝန်းကျင်အေဂျင်စီ (Norwegian Environment Agency-NEA)၊ ကမ္ဘာ့ သဘာဝဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေ့အဖွဲ (World Wide Fund for Nature-WWF)၊ ကမ္ဘာ့အစိမ်းရောင်ဖွံ့ဖြိုးရေးအဖွဲ့ (Global Green Growth Institute-GGGI)စသည့် နိုင်ငံတကာအဖွဲ့အစည်းများကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မူဝါဒ ရည်မှန်းချက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်တိုက်တွန်းပါကြောင်း။

လူသားအားလုံး အသက်ရှင်နေထိုင်နိုင်ရေးအတွက် သန့်ရှင်းသော လေနှင့် ရေသည် မရှိမဖြစ်လိုအပ်သောကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း လေထုနှင့် ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်စေနိုင်သည့် ကိစ္စအဝဝကို ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး ရှောင်ကြဉ်ကြရန် လိုအပ်ပါကြောင်း၊ ပျက်စီးယိုယွင်းလာသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးကို ကမ္ဘာ့နိုင်ငံများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာလျှင် အချိန်မီ ထိန်းသိမ်းနိုင်မည် ဖြစ်ပါကြောင်း၊ ကမ္ဘာသူ၊ ကမ္ဘာသားများကလည်း အသိတရားရှိရှိဖြင့် ပံ့ပိုးကူညီကြမှသာလျှင် ကမ္ဘာ့ပတ်ဝန်းကျင် ပျက်စီးမှုကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း။

ခြုံငုံပြီးပြောရမည်ဆိုပါက မိမိတို့၏ အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒရေရှည် မျှော်မှန်းချက်ဖြစ်သည့် “မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်နေကြသူအားလုံး၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်"၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၏ ရည်မှန်းချက်ဖြစ်သည့် “လက်ရှိနှင့် အနာဂတ်မျိုးဆက်များ ချမ်းသာသုခ ရရှိစေရေးအတွက် ရေရှည်တည်တံ့ပြီး ကြွယ်ဝချမ်းသာမှုရှိကာ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသည့် လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန်၊" အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မအစီအစဉ်၏ မျှော်မှန်းချက်ဖြစ်သည့် “မြန်မာနိုင်ငံ၏ တောက်ပသော အနာဂတ်ကို ရည်မှန်း၍ ထာဝစဉ် စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်ကို ဖော်ဆောင်သွားရန်”စသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များကို အထိမ်းအမှတ်ဆောင်ပုဒ်နှင့်အညီ လေထုညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ချမှတ်ထားပြီးဖြစ်ပါကြောင်း။

ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် ဧည့်သည်တော်များ အပါအဝင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက် အကူဖြစ်စေသည့် မိမိတို့၏ နေ့စဉ်ပြုမူနေထိုင်မှုပုံစံများကို ပြုပြင်ပြောင်းလဲပြီး မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Mr.Peter Batchelor က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂပတ်ဝန်း ကျင်အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူးတို့၏ သဝဏ်လွှာ ဗီဒီယိုဖိုင်များကို ပြသပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေး အမှတ်စဉ် (၂၂/၂၀၁၈)နှင့် (၄/၂၀၁၉)တို့၏ အတည်ပြုချက်အရ မြန်မာနိုင်ငံ အမျိုးသား ပတ်ဝန်းကျင်ရေးရာမူဝါဒနှင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈−၂၀၃၀) တို့ကို အတည်ပြု ထုတ်ပြန်ပြီးဖြစ်ကြောင်း အသိပေးကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့သည့် အလွတ်တမ်းဆောင်းပါး ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ဦးနေဦးလွင် (မောင်နေဦး-မြို့ပြ)၊ ဒုတိယဆုရရှိခဲ့သည့် ဒေါ်ညိုညိုအောင် (ညိုညိုအောင်-စိုက်ပျိုးရေး)နှင့် တတိယဆုရရှိခဲ့သည့် ဦးကျော်ဆွေဦး (ကျော်ဆွေဦး) တို့ထံ ဂုဏ်ပြုဆုတံဆိပ်များကို လည်းကောင်း၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ရရှိကြသည့် အခြေခံပညာ အထက်တန်းကျောင်း-ရေနံသာမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆန်းဥ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း-စမ်းချောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်း၊ အခြေခံပညာ မူလတန်းကျောင်း-သရက်ပင်ကံဆွယ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရို့စ်မေရီမင်းနှင့် အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်း-ပင်းတယမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိမိတို့ထံ ဂုဏ်ပြုဆုတံဆိပ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 

11.


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့သည့် အလွတ်တမ်း စာစီစာကုံး ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ဦးဝေယံမိုး၊ ဒုတိယဆုရရှိခဲ့သည့် ဦးဝင်းထွန်းနှင့် တတိယဆု ရရှိခဲ့သည့် ဦးနေဇော်အောင်တို့ထံ ဂုဏ်ပြုဆုတံဆိပ်များကို လည်းကောင်း၊ Video clip ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ဒေါ်မေဇော်ထွန်း၊ ဒုတိယဆုရရှိခဲ့သည့် ဒေါ်နှင်းအိဝင်း၊ တတိယဆုရရှိခဲ့သည့် ဒေါ်ခင်သန္တာမျိုးနှင့် နှစ်သိမ့်ဆုရရှိခဲ့သည့် ဦးမင်းစိုးသူရ တို့ထံ ဂုဏ်ပြုဆုတံဆိပ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 ထို့နောက် ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “သန့်စင်သော လေရူရှိုက်ဖို့ လေထုညစ်ညမ်းမှုတိုက်ဖျက်စို့” အသိပညာပေး ဗီဒီယိုဖိုင်ကို ပြသသည်။

 

2...


ယင်းနောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များ၊ ဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ အတွင်း သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများမှ ခင်းကျင်းပြသထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်မှု ပြကွက်များကို လှည့်လည်ကြည့်ရှုသည်။ 

သတင်းစဉ်