ဘားအံ ၇ နိုဝင်ဘာ

 

၂ဝ၁၉ ခုနှစ် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် သဘာပတိအဖြစ် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ စောချစ်ခင်က ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် စောစံလင်း၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ စောကျော်ဝင်းမောင်တို့က ဆောင်ရွက်ကြသည်။

 

3

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ နိုင်သက်လွင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကရင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။

 

ယင်းနောက် သဘာပတိ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ စောချစ်ခင်က အဖွင့်အမှာစကားပြောကြားသည်။

 

1

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် သဘာပတိကြီးနှင့်တကွ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်းကြပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း၊ ယနေ့ကျရောက်သည့် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ပေးရန် ဖိတ်ကြားသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ကရင်ပြည်နယ် သို့လာရောက်သည့်အခါတွင် လှိုက်လှဲပျူငှာစွာ ကြိုဆိုနှုတ်ဆက်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးကို ကျေးဇူးတင်ပါကြောင်း။

 

2

 

ကရင်ပြည်နယ်သည် ထူးခြားသည့်အင်္ဂါရပ်များရှိပါကြောင်း၊ ဖားစည်သည် အောင်အတိတ်၊ အောင်နိမိတ်ကိုဆောင်သည့် အောင်စည်ဖြစ်ပါကြောင်း၊ ထို့အတူ အေးချမ်းသာယာမှုကို ဖော်ဆောင်သည့် အဓိပ္ပါယ်လည်းဖြစ်ပါကြောင်း၊ ဖားစည်၏ အလယ်တွင် တက်နေခြည်ဖြာနေသည်ကို တွေ့ရပါကြောင်း၊ ယင်းမှာ မိမိတို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရန်နှင့် ငြိမ်းချမ်းရေးရောင်ခြည်ဖြာမည်ဆိုသည့် သဘောအဓိပ္ပါယ်ကို ဆောင်ပါကြောင်း။

 

မိမိတို့အား ဂုဏ်ပြုဖျော်ဖြေကြသည့် ဒုံးယိမ်းအဖွဲ့များကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်း၊ ဒုံးယိမ်းကကွက်များမှာ ဆန်းပြားပြီး ကကြိုးများမှာလည်း စုံလင်ပါကြောင်း၊ တီးလုံးသံစဉ် အနိမ့်အမြင့် အများအပြားပါဝင်သည်ကို တွေ့ရပါကြောင်း၊ သို့သော်လည်း ခေါင်း၊ ခါး၊ ခြေ၊ လက် ဟန်ချက်ညီစွာဖြင့် မမောနိုင်မပန်းနိုင် အပြုံးပန်းများဖြင့် ကသွားခြင်းသည် ရင်ထဲတွင် စွဲထင်ကျန်ရစ်စေပါကြောင်း၊ ကကြိုးကကွက်များ ပြားသော်လည်း တစ်ဦးနှင့်တစ်ဦး ထိန်းညှိပြီး ဟန်ချက်ညီညီဖြင့် ကပြသွားသကဲ့သို့ တိုင်းရင်းသားများအားလုံး ညီညွတ်မျှတစွာ ပူးပေါင်းဆောင်ရွက်ကြမည် ဆိုပါက ပြည်ထောင်စုကြီးအတွက် လွန်စွာကြီးမားသည့် အင်အားတစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ကရင်ဒုံးယိမ်းကရာတွင် ဖြတ်လတ်သွက်လက် တက်ကြွစွာ မမောနိုင်မပန်းနိုင်ဘဲ အပြုံးပန်းများဝေဆာပြီး ကပြသွားသကဲ့သို့ မိမိတို့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအတွက်လည်း မမောနိုင် မပန်းနိုင်ဘဲနှင့် ပန်းတိုင်ရောက်အောင် အပြုံးပန်းကိုယ်စီဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုပေးပြီး ဆက်လက်ဆောင်ရွက် သွားကြစေလိုပါကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို မဖြစ်မနေ တည်ဆောက်မည်ဆိုသည့် စိတ်ပိုင်းဖြတ်ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများ နှစ်ပေါင်းများစွာ လိုလားတောင့်တနေသည့် ဒီမိုကရေစီအခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေး တစ်နည်းအားဖြင့် ခံစားသင့်ခံစားထိုက်သည့် ဒီမိုကရေစီအခွင့်အရေး၊ ရသင့်ရထိုက်သည့် ဖက်ဒရယ်အခွင့်အရေးများ၊ တိုင်းရင်းသားများ၏ အခြေခံအခွင့်အရေးများ၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည့်ကိစ္စရပ်များကို မိမိတို့ ကြိုးပမ်းအားထုတ် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါတွင် အားလုံးဝိုင်းဝန်း ပူးပေါင်းပြီး ကရင်ဒုံးယိမ်းကသကဲ့သို့ တက်ညီလက်ညီ၊ သွက်သွက်လက်လက်နှင့် ဟန်ချက်ညီညီ ထိန်းညှိပြီးဆောင်ရွက်သွားကြမှသာ ပန်းတိုင်ကို ရောက်မည်ဖြစ်ပါကြောင်း။

 

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သည်ဆိုရာတွင် တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ဆန္ဒတူညီမှုများအပေါ်တွင် အခြေခံပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု နိုင်ငံတော်ဖြစ်သည်နှင့်အညီ မိမိတို့အားလုံး ပြည်ထောင်စုစိတ်ဓာတ် ကိုယ်စီကိုယ်ငှ ထားကြရန်လိုအပ်ပါကြောင်း၊ မိမိအနေဖြင့် ခံစားမိသည်မှာ တိုင်းရင်းသားများသည် ပြည်ထောင်စုဥယျာဉ်ကြီးထဲတွင် ဖူးပွင့်ဝေဆာနေသော အရောင်အသွေးစုံလင်သည့် ပန်းများဖြစ်ပါကြောင်း၊ အဆင်အသွေး၊ အရောင်များ စုံလင်သည့် တိုင်းရင်းသားများ အားလုံးတွင်လည်း သဘောထား၊ အယူအဆ မတူညီကြသည့် အသွင်ကွဲအဆင်ကွဲများ ရှိကြမည်ဖြစ်ပါကြောင်း၊ ယင်းအသွင်ကွဲ အဆင်ကွဲများကိုလည်း မိမိတို့ တိုင်းရင်းသား အချင်းချင်း၊ တစ်မြေတည်းနေ တစ်ရေတည်းသောက် နှစ်ပေါင်းများစွာ လက်တွဲလာခဲ့ကြသည့်၊ ကျောချင်းကပ် ရင်ချင်းအပ်လာကြသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အချင်းချင်း၊ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုများနှင့် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက ပြည်ထောင်စုအတွက် အမှန်တကယ် တန်ဖိုးရှိသည့် စုပေါင်းအင်အား ဖြစ်ပါကြောင်း။

 

ကရင်ပြည်နယ်သည် ရှေ့ဆက်ပြီး ဖွံ့ဖြိုးတိုးတက်နိုင်သည့် အလားအလာများရှိပါကြောင်း၊ ထို့ကြောင့် မိမိသည် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး အထောက်အပံ့ပေးနိုင်မည့် ပြည်ထောင်စုဝန်ကြီး အချို့နှင့်အတူ လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်တွင် ကော့ဂွန်းဂူ၊ ဆဒ္ဒန်ဂူ၊ ဘုရင့်ညီဂူ၊ ရသေ့ပျံဂူ စသည့် ထင်ရှားသည့်ဂူများရှိပါကြောင်း၊ ကော့ဂွန်းဂူတွင်ရှိသည့် ဗိဿနိုးနတ်ရုပ်များသည် ပုဂံခေတ်ထက် စောပါကြောင်း၊ ဘုရားဆင်းတုတော်များလည်း သောင်းကျော်ရှိပါကြောင်း၊ ထိုဂူတွင်ရှိသည့် မွန်ကျောက်စာများသည်လည်း နှစ်ပေါင်းထောင်ကျော်နေပြီ ဖြစ်ပါကြောင်း၊ ယင်းတို့မှာ ပြည်နယ်ဘဏ္ဍာငွေရရှိရေးအတွက် လွန်စွာဆွဲဆောင် အားကောင်းသည့် ခရီးသွားနေရာများ ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားသာချက်များ များစွာရှိပါကြောင်း၊ ယခုဆိုလျှင် ငြိမ်းချမ်းရေး အလင်းရောင်ရရှိပြီး ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ ခံစားနေရပြီဆိုသည်ကို အားလုံး မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်ပါကြောင်း၊ ရှေ့ဆက်ပြီး ပြည်ထောင်စုကြီး တစ်ခုလုံး ငြိမ်းချမ်းရေးရရှိပြီဆိုပါက ပြည်ထောင်စုကြီးတစ်ခုလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်သွားမည် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ ဆက်လက်ခံစားနိုင်ရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ရရှိရန် မိမိတို့အားလုံး ပြည်ထောင်စုစိတ်ဓာတ်နှင့်အတူ တနည်းအားဖြင့် ကရင် ပြည်နယ်တွင် ထင်ရှားသည့် ဇွဲကပင်တောင်ကို သက်သေတည်ပြီး တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်ကို မယိုင်မလဲ ခိုင်ခိုင်မြဲမြဲ ကမ္ဘာတည်သရွေ့ ဆက်လက်ထိန်းသိမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှပေးပို့သည့် ၂ဝ၁၉ ခုနှစ် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

ယင်းနောက် ၂ဝ၁၉ ခုနှစ် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ ပြခန်းများနှင့် ပျော်ပွဲရွှင်ပွဲမုခ်ဦးဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ စောချစ်ခင်၊ တရားလွှတ်တော်တရားသူကြီးချုပ် စောစံလင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတက ၂ဝ၁၉ ခုနှစ် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ ပြခန်းများနှင့် ပျော်ပွဲရွှင်ပွဲမုခ်ဦးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

 

4

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂ဝ၁၉ ခုနှစ် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

 

5

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဘားအံမြို့ ကန်သာယာကန်အတွင်း ကျင်းပသည့် (၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် စတုတ္ထအကြိမ်မြောက် ရိုးရာလှေလှော်ပြိုင်ပွဲအား ကြည့်ရှုအားပေးသည်။

 

6

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဘားအံ ယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိကြပြီး ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။

 

7

 

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် သင်္ဘောဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ဘားအံကမ်းနားလမ်း သာယာလှပရေးနှင့် လမ်းတိုးချဲ့ခြင်း စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဘားအံမြို့ ဟိုတယ်ဇုန်သို့ရောက်ရှိကြရာ ဇွဲကပင်ဟိုတယ်၌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်တို့က ကရင်ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ရေတိုအကျိုးကို မကြည့်ဘဲ ရေရှည်အကျိုးကို ကြည့်၍ ဆောင်ရွက်စေလိုပါကြောင်း၊ မိမိအကျိုးအတွက် သာမက ဒေသအကျိုး၊ နိုင်ငံတော် အကျိုးရှိအောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်လည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေရန်လိုကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ ဘာသာ၊ စာပေစကား၊ ဓလေ့ထုံးစံများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကြရန်လိုကြောင်း ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဘားအံမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြရာ မွန်ပြည်နယ်မော်လမြိုင်မြို့သို့ ရောက်ရှိကြပြီး ထိုမှတစ်ဆင့် တပ်မတော်အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

 

သတင်းစဉ်