လွိုင်ကော် ၁၅ ဇန်နဝါရီ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုသည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ နိုင်သက်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာကြပြီး ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပသည့် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာများအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကယားမျိုးနွယ်စု တိုင်းရင်းသားခေါင်းဆောင် သဘာပတိအဖွဲ့ဝင်များ နေရာယူကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ၂၀၁၉ ခုနှစ် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဖတ်ကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် ယခုကဲ့သို့ ပြည်နယ်နေ့များ ကျင်းပနိုင်ခြင်းသည် ပြည်ထောင်စု၏ သင်္ကေတဖြစ်ပါကြောင်း၊ ယခု တက်ရောက်လာကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကိုကြည့်ပါက အသွေးအရောင်စုံလင်စွာဖြင့် မျိုးနွယ်စုများအလိုက် တက်ရောက်နိုင်ကြခြင်းသည် ပြည်ထောင်စုတစ်ခု၏ ပုံရိပ်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတိုင်းတွင် သူ့အလှနှင့်သူ ကိုယ်စီရှိကြပါကြောင်း၊ ထို့အတူ မိမိတို့၏တိုင်းရင်းသား ညီအစ်ကိုမောင်နှမ မိဘပြည်သူများတွင်လည်း မိမိတို့၏မျိုးနွယ်အလိုက်၊ လူမျိုးစုအလိုက် အလှကိုယ်စီ ရှိကြပါကြောင်း၊ မိမိတို့တွင် ရှိပြီးသည့် အလှကိုယ်စီဖြင့် ပြည်ထောင်စုကြီးကို အလှတန်ဆာဆင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ပြည်ထောင်စုအစိုးရအနေဖြင့်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး မခွဲခြားဘဲ၊ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ထို့အတူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ခံစားသင့် ခံစားထိုက်သည့်၊ ရသင့်ရထိုက်သည့် အခွင့်အရေးများကိုလည်း မိမိတို့ဦးစားပေးပြီး ပုံဖော်လျက်ရှိပါကြောင်း၊ ထို့ပြင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ ဖွံ့ဖြိုးတိုးတက် တည်တံ့ခိုင်မြဲစေရန်၊ ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် မြှင့်တင်နိုင်ရန် မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားကိုယ်စီ ကိုယ်စီ ညီအစ်ကိုမောင်နှမများအားလုံး မိမိတို့၏ ယဉ်ကျေးမှုအလှ၊ မိမိတို့၏ ဘာသာစကား၊ မိမိတို့၏ ထုံးတမ်းစဉ်လာတန်ဖိုးများသည် ပြည်ထောင်စု၏ ပန်းဥယျာဉ်ထဲတွင် ရောင်စုံဖူးပွင့်ဝေဆာနေသည့် အလှတရားများပင်ဖြစ်ပါကြောင်း၊ ယင်းအလှတရားများ တည်တံ့ခိုင်မြဲစေရန် မိမိတို့အနေဖြင့် ထပ်မံပြီး အလှပေါ် အယဉ်ဆင့်ဆိုသကဲ့သို့ မိမိတို့၏ ဖြူစင်သည့် စိတ်ထား၊ မှန်ကန်သည့် စေတနာ မနောအလှများဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောစေရန်၊ တနည်းအားဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုး တိုးတက်ပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး၏ လူနေမှုဘဝ ဖွွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး နှစ်လုံးစိတ်ဝမ်း အေးချမ်းပြီး နောင်မျိုးဆက် ကာလများတိုင်အောင် ပြည်ထောင်စုကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲ ဖွံ့ဖြိုးတိုးတက်အောင် မိမိတို့ တိုင်းရင်းသားအားလုံး ဝိုင်းဝန်းတည်ဆောက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကယားပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ သဘာပတိ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ကယားပြည်နယ်နေ့ ပွဲတော်ကွင်း၌ ကျင်းပပြုလုပ်သည့် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများနှင့် ရိုးရာအားကစားပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာသို့ ရောက်ရှိကြရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောစိန်ထွန်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဒေသခံ ကယန်းတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး တိုင်းရင်းသား ရိုးရာဒေသထွက်ကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ရိုးရာယဉ်ကျေးမှုအကများအား လှည့်လည်ကြည့်ရှုပြီး တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ငွေတောင်ဆည်သို့ ရောက်ရှိကြပြီး ရှုရပ်မှနေ၍ ငွေတောင်ဆည် သဘာဝပတ်ဝန်းကျင်နှင့် ဆည်ရေထိန်းသိမ်းထားမှု အခြေအနေကို ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ဆည်မြောင်းနှင့်ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝေလွင်က ကယားပြည်နယ်အတွင်းရှိ ဆည်၊ ကန်၊ ရေလှောင်တမံများ အခြေအနေ၊ ငွေတောင်ရေလှောင်တမံ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ နှစ်အလိုက် သီးနှံစိုက်ပျိုးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးသည် အဓိကကျသဖြင့် ဒေသ၏ စိုက်ပျိုးရေး ဖြစ်ထွန်းအောင်မြင်စေရန် စိုက်ပျိုးရေလိုအပ်ချိန်တွင် လုံလောက်မျှတစွာဖြန့်ဝေပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ငွေတောင်ဆည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ရေရှည်တည်တံ့ရေးအတွက်လည်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လိုအပ်ချက်များရှိပါကလည်း ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် တက်ညီလက်ညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဘီလူးချောင်း ဓာတ်အားပေးစက်ရုံများနယ်မြေ ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ နိုင်ငံတော်ဓာတ်အားစနစ်ဖြစ်ပေါ်လာပုံ သမိုင်းမှတ်တမ်းဗွီဒီယိုကို ပြသပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လက်ရှိနိုင်ငံတော်၏ တစ်နှစ်ထက်တစ်နှစ် ဓာတ်အားတိုးတက်ထုတ်လုပ် ဖြန့်ဖြူးနိုင်မှုအခြေအနေ၊ နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်နှင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ၅၅ ရာခိုင်နှုန်း ရရှိရေး၊ ၂၀၃၀ ပြည်နှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့်မီးလင်းရေး ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နေသော လျှပ်စစ်ဓာတ်အားထုပ်လုပ်မည့် စီမံကိန်းများ အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှတ်(၁)၊ (၂)၊ (၃)နှင့် အထက်ဘီလူးချောင်း လျှပ်စစ်ဓာတ်အားစီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းရေး ရည်မှန်းချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်ရန်၊ ဘီလူးချောင်းအမှတ် (၁)၊ (၂)၊ (၃) ဓာတ်အားပေးစက်ရုံများ တည်တံ့ခိုင်မြဲရေးအတွက် အဓိကအရေးကြီးသည့် အင်းလေးကန် ထိန်းသိမ်းရေးနှင့် မိုးဗြဲဆည် ရေရှည်တည်တံ့ရေးအတွက် လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် စီမံကိန်းရှုရပ်မှနေ၍ ဖိအားမြင့်ရေပိုက်လိုင်းနှင့် ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ထားမှု အခြေအနေကို ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံ အမှတ်(၃)နှင့် အမှတ်(၂) စက်ရုံတို့၏ ဓာတ်အားထုတ်လုပ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံဝန်ထမ်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် လွိုင်ကော်မြို့ ကယားပြည်နယ် ခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ညစာစားပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြပြီး ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည့် တိုင်းရင်းသားရိုးရာ အကများအား ကြည့်ရှုပြီး အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။
(သတင်းစဉ်)