နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ ကျန်းမာရေး၊ သိပ္ပံနည်းပညာနှင့် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များ၊ အိန္ဒိယသမ္မတနိုင်ငံသို့ ပဲမျိုးစုံတင်ပို့နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။