နေပြည်တော်  ၉   ဒီဇင်ဘာ

 

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် မိန့်ခွန်းပြောကြားသည်။

 

အခမ်းအနားသို့  ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီး၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သံတမန်များ၊ United Nations Office on Drugs and Crime–UNODC၊ United Nations Development Programme-UNDP နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ မီဒီယာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားသည်။ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့် ပြောကြားသော မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းရဲ့ (၁၆) နှစ်ပြည့် အခါသမယကို ကြွရောက်လာကြတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သံတမန်များ၊ United Nations Office on Drugs and Crime–UNODC၊ United Nations Development Programme-UNDP နဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ မီဒီယာများနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။

 

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကမ္ဘာ့အသိုက်အဝန်းအတွင်း ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများနည်းတူ မိမိတို့ မြန်မာနိုင်ငံကလည်း ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းအတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ဒီနှစ်မှာ ယခင်နှစ်များကထက် ပိုမိုကျယ်ပြန့်စွာ မြန်မာနိုင်ငံတစ်ဝန်း နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတို့မှာ ကျင်းပနိုင်ခြင်းဖြစ်တဲ့အတွက် ပိုမို၍ ကျေနပ်အားရ မိပါတယ်။

 

နိုင်ငံတော်အစိုးရအနေနဲ့ မိမိတို့နိုင်ငံကို ရေရှည်တည်တံ့ခိုင်မြဲပြီး တည်ငြိမ်အေးချမ်းကာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် ပေါ်ထွန်းလာရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒများ အကောင်အထည်ဖော်ခြင်းတို့ကို အားလုံးပူးပေါင်းပါဝင်တဲ့ ပြည်သူလူထုအခြေပြုနည်းလမ်းများဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးနဲ့ တည်ဆောက်ရေး ခရီးလမ်းအား လျှောက်လှမ်းလျက်ရှိပါတယ်။ ဒီခရီးလမ်းမှာ နှစ်ကာလရှည်ကြာစွာ အမြစ်တွယ်ရှင်သန်နေတဲ့ အဂတိလိုက်စားမှု ပြဿနာဟာ အဓိကကျတဲ့ ခလုတ်တံသင်း ဖြစ်နေတယ်လို့ မိမိတို့အစိုးရက နားလည်သဘောပေါက်ထားတဲ့ အားလျော်စွာ နိုင်ငံရေး စိတ်ဆန္ဒပြင်းပြစွာနဲ့ အဂတိကင်းစင်တဲ့ လူ့အသိုက်အဝန်း ဖြစ်ပေါ်လာရေး ရည်မှန်းပြီး အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါတယ်။

 

အဂတိလိုက်စားမှုဟာ မျက်မှောက်ခေတ်ကာလမှာ နိုင်ငံများကို အများဆုံး ပျက်စီးယိုယွင်းစေတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အရင်းအမြစ်များကို လေလွင့်ဆုံးရှုံးစေခြင်း၊ စီးပွားရေးနှင့် လူမှုရေးမမှျတမှုများကို ကျယ်ပြန့်စေခြင်း၊ လူထုအတွင်း မကျေနပ်မှုများနဲ့ နိုင်ငံရေးအစွန်းရောက်မှုများ ပေါက်ဖွားစေခြင်း၊ အင်စတီကျူးရှင်းများအပေါ် ယုံကြည်မှုကျဆင်းစေခြင်းတို့ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှုဟာ ပြည်သူလူထုအတွင်း မညီမျှမှုနဲ့ ဆင်းရဲနွမ်းပါးမှုကို သက်ဆိုးရှည်စေပါတယ်။ လူထုရဲ့ ကိုယ်စိတ်ချမ်းသာမှုနဲ့ ဝင်ငွေခွဲဝေမှုအပေါ် ထိခိုက်စေပြီး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့တွင် ညီတူညီမျှပါဝင်နိုင်မှုအခွင့်အရေးကိုလည်း လျော့နည်းကျဆင်းစေပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းကို ၂၀၁၂ ခုနှစ်မှာ အတည်ပြုခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်နိုင်ရန် ၂၀၁၇ ခုနှစ်တွင် ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပြီး တာဝန်ပေးအပ်ခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရေး၊ သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းရေး၊ ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးမှာ ဂုဏ်သိက္ခာနဲ့ တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာရေး၊ နိုင်ငံတော်ပိုင်ပစ္စည်းများနဲ့ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေးတို့အတွက် ၂၀၁၈ ခုနှစ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို  စတုတ္ထအကြိမ် ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ဒီဥပဒေမှာ အဂတိလိုက်စားမှုရဲ့ အဓိပ္ပာယ်ဟာ နက်နဲကျယ်ပြန့်ပြီး လာဘ်ပေးလာဘ်ယူခြင်းထက် များစွာကျော်လွန်မှုရှိတာကို နားလည်ကြရန် လိုအပ်ပါတယ်။ ယခုအခါ ဥပဒေမူဘောင် ပိုမိုခိုင်မာ တောင့်တင်းလာတဲ့ အားလျော်စွာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ လွတ်လပ်စွာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့်ရရှိပြီး နိုင်ငံတော်တစ်ဝန်းလုံးမှာ တံစိုးလက်ဆောင်ယူခြင်း/ ပေးခြင်းတို့သာမက နိုင်ငံတော်ရဲ့ ငွေကြေး၊ ပစ္စည်းနဲ့ ပိုင်ဆိုင်မှု ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းတို့ကို လျော့ကျစေဖို့ အားထုတ်ကြိုးပမ်း ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အစဉ်အလာနည်းလမ်းများဖြစ်တဲ့ တင်းကြပ်သည့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို တီထွင်ရေးဆွဲပြဋ္ဌာန်းခြင်းနှင့် ပိုမိုတိကျစွာ လိုက်နာစေရန် အသုံးပြုခြင်း နည်းလမ်းတို့ဟာ ထိရောက်မှုရှိပါတယ်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနဲ့ စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ခြင်းဆိုပြီး လုပ်ငန်းစဉ်သုံးရပ်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ အသိပညာပေးရေး လုပ်ငန်းစဉ်အနေနဲ့ အခြေခံပညာကျောင်းများအတွက် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး စာစောင်များ ဖြန့်ဝေခြင်း၊ တက္ကသိုလ်များအဆင့် ဖြောင့်မတ် တည်ကြည်မှု လူငယ်စခန်းဖွင့်လှစ်ခြင်း၊ အစိုးရဌာနများနဲ့ စီးပွားရေးလုပ်ငန်းများမှာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာစေရေးတို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဖြောင့်မတ်တည်ကြည်မှုရှိခြင်းကလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အဆောက်အအုံရဲ့ အရေးကြီးတဲ့ မဏ္ဍိုင်တစ်ရပ် ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် တစ်ဦးဦး၊ လူ့အဖွဲ့အစည်းတစ်ရပ်ရပ်ရဲ့ စီးပွားရေးနဲ့ လူမှုရေးတွင် ကိုယ်စိတ်နှစ်ပါး ချမ်းသာရေးနဲ့ သာယာဝပြောရေးတို့အတွက် ဖြောင့်မတ်တည်ကြည်မှုဟာ မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါတယ်။ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကို ထိရောက်မှုရှိစေရန်အတွက် ဖြောင့်မတ်တည်ကြည်မှု လုပ်ဆောင်ချက်များကို အုပ်ချုပ်ရေးအပိုင်းတွင်သာမက ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍများ အတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက် ရမှာဖြစ်ပါတယ်။ ယင်းတို့ရဲ့ အရေးကြီးသော အခန်းကဏ္ဍများဟာ နိုင်ငံတစ်ဝန်းလုံးမှာ ဖြောင့်မတ်တည်ကြည်မှုရှိရေးအတွက် သေချာမှု ဖြစ်စေပါတယ်။ ဖြောင့်မတ်တည်ကြည်မှုရှိရေး လုပ်ဆောင်ချက်များကို အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများတွင်သာမက တစ်ဦးချင်းနှင့် ပုဂ္ဂလိက ကဏ္ဍများပါ အပါအဝင်ဖြစ်စေရမှာ ဖြစ်ပါတယ်။ ဖြောင့်မတ်တည်ကြည်မှုသည် ပြည်ထောင်စုအစိုးရနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ပြည်သူလူထုက ပထမဦးဆုံး ဖြောင့်မတ် တည်ကြည်သော အပြုအမူများကို ထိတွေ့ခံစားရမည့် အဆင့်ဆင့်သော အောက်ခြေအဖွဲ့အစည်း များအထိ စိမ့်ဝင်ပျံ့နှံ့စေရမှာ ဖြစ်ပါတယ်။  တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်အနေနဲ့ အစိုးရ ဌာနတွေမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များ ဖွဲ့စည်းဆောင်ရွက်ခြင်းနဲ့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများတွင် အဂတိ လိုက်စားမှု ကင်းဝေးစေရန် ကျင့်ဝတ် (Code of Conduct-CoC) ရေးဆွဲလိုက်နာစေခြင်း နည်းလမ်းများနဲ့ ဆောင်ရွက်လျက်ရှိနေပါတယ်။ ပုဂ္ဂလိက အကျိုးစီးပွားထက် အများပြည်သူ အကျိုးစီးပွားကို ဦးစားပေးအလေးထားရန်အတွက် ကျင့်ဝတ်တန်ဖိုးများ၊ စံနှုန်းများကို အစဉ် စောင့်ရှောက်ထိန်းသိမ်းခြင်းဖြင့် ဖြောင့်မတ်တည်ကြည်မှု ရှိစေရန်ဖြစ်ပါတယ်။ အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ ဂယ်ပေါက်များကို ပိတ်ဆို့နိုင်ရန်ဖြစ်လို့ နိုင်ငံတော်အတွက် ရေရှည် အကျိုးရှိစေမည့် နည်းလမ်းကောင်းလည်းဖြစ်ပါတယ်။

 

ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းဟာ ယခုအခါ ကမ္ဘာ့ အလျင်မြန်ဆုံး အတည်ပြုသော နိုင်ငံတကာကွန်ဗင်းရှင်းများထဲက တစ်ခုအပါအဝင်ဖြစ်ပြီး အဖွဲ့ဝင်ပေါင်း (၁၈၆) ခုတို့က အားလုံးနီးပါး အတည်ပြုလာတဲ့ Universal Ratification ဖြစ်လာနိုင်ခြင်းက အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်းထောက်ခံ ကြခြင်းလို့ ဆိုနိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံချင်းအလိုက် ကြိုးပမ်းမှုများအပြင် နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နိုင်ငံဖြတ်ကျော်သည့် အဂတိလိုက်စားမှု၊ ယင်းနဲ့ဆက်နွှယ်တဲ့ အမှုအခင်းများကို တားဆီးကာကွယ် တိုက်ဖျက်နိုင်မှာဖြစ်ပါတယ်။

 

အဂတိလိုက်စားမှုကို စိတ်ပါလက်ပါ ဆန့်ကျင်တိုက်ဖျက်ကြခြင်းဖြင့် အဂတိလိုက်စားမှု ကင်းစင်တဲ့ ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်စေနိုင်ခြင်းထက် သာလွန်ပြီး တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကိုပါ ဖော်ဆောင်စေနိုင်ပါတယ်။ ဒါ့အပြင် တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အင်စတီကျူးရှင်းများ တည်ဆောက်ရေးကိုပါ ဖြစ်ထွန်းစေမှာဖြစ်တဲ့အတွက် လူသားတိုင်း မိမိတို့ ရရှိခံစားနိုင်တဲ့ အခွင့်အရေးများကို လက်လှမ်းမီစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာတဲ့ လူနေမှုဘဝများကို ပိုင်ဆိုင်စေနိုင်မှာ  ဖြစ်ပါတယ်။

 

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ပါ ရည်မှန်းချက် ပန်းတိုင် ၁၇ ခု ထဲက ပန်းတိုင် ၁၆ တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးရဲ့ အရေးပါမှုကို ထင်ရှားစွာ သတ်မှတ်ဖော်ပြထားပါတယ်။ ယင်းမှာ နိုင်ငံများအနေနှင့် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးအတွက် ငြိမ်းချမ်းသာယာပြီး အားလုံးပါဝင်တဲ့ လူမှုအဖွဲ့အစည်းများ မြှင့်တင်ရေး၊ တရားမျှတမှုကို လက်လှမ်းမီနိုင်မှု ဖော်ဆောင်ရေးနှင့် အဆင့်တိုင်းမှာ အကျိုးသက်ရောက်မှုရှိတဲ့၊ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့၊ အားလုံးပါဝင်တဲ့ အင်စတီကျူးရှင်းများ တည်ဆောက်ရေးတို့ကို တရားမဝင်ငွေကြေးစီးဆင်းမှု လျှော့ချရေး၊ ဆုံးရှုံးသွားတဲ့ နိုင်ငံပိုင်ပစ္စည်းများ ပြန်လည်သိမ်းဆည်းမှုလုပ်ငန်း ခိုင်မာရေး၊ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှု လျှော့ချရေး၊ အကျိုးသက်ရောက်မှုရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့၊ အားလုံးပါဝင်တဲ့ အင်စတီကျူးရှင်းများ တည်ဆောက်ရေး စသည်တို့ကတစ်ဆင့် လုပ်ဆောင် သွားရမှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP ၂၀၁၈-၂၀၃၀) ကို ကမ္ဘာလုံးဆိုင်ရာ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ရည်မှန်းချက် ပန်းတိုင်များနဲ့ အဓိကချိတ်ဆက်ပြီး နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားနိုင်ဖို့ ချိန်ညှိထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် MSDP မဏ္ဍိုင် (၁) ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဲ့ မဟာဗျူဟာမှာ ပါဝင်တဲ့ ကောင်းမွန်တဲ့အုပ်ချုပ်မှု၊ အဖွဲ့အစည်းများရဲ့ စွမ်းဆောင်မှုနဲ့ အဆင့်တိုင်းမှာ ဆုံးဖြတ်ချက်များ ထိရောက်စွာ ချမှတ်နိုင်မှု တိုးတက်ကောင်းမွန်ရေးတို့အတွက် အဂတိလိုက်စားမှုကို ဆန့်ကျင် တိုက်ဖျက်ရာမှာ ပူးပေါင်းပါဝင်ကြဖို့  တိုက်တွန်းအပ်ပါတယ်။

 

ဒီမင်္ဂလာရှိတဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းရဲ့ (၁၆) နှစ်ပြည့် အခါသမယမှာ ကွန်ဗင်းရှင်းပါရည်ရွယ်ချက်များနဲ့ အခြေခံမူများဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ကတိကဝတ်များကို ထပ်လောင်းအတည်ပြုပါတယ်။ "အဂတိလိုက်စားမှုဆန့်ကျင်ရေးအတွက် ကျွန်ုပ်တို့အားလုံး စုပေါင်းညီညွတ်ကြပါစို့" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်မှ ပုဂ္ဂိုလ် များ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနဲ့ ပြည်သူလူထု တစ်ရပ်လုံးက တက်ညီလက်ညီဖြင့် အဂတိလိုက်စားမှုကို ဆက်လက်ပူးပေါင်းတိုက်ဖျက်ကြဖို့ အလေးအနက်ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

 

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ တွင် လုပ်ငန်းဧရိယာ ၅ ရပ် ပါရှိပါကြောင်း၊ ယင်းတို့မှာ (၁) တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးတရားစွဲဆိုခြင်းတို့အတွက် ထိရောက်ခိုင်မာသော အခြေခံကောင်းများ တည်ဆောက်ခြင်း၊ (၂) ဖြောင့်မတ်တည်ကြည်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ (၃) တားဆီးကာကွယ် တိုက်ဖျက်ရာတွင် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၊ (၄) နိုင်ငံတော်ပိုင် ဘဏ္ဍာရန်ပုံငွေ ပစ္စည်းများနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိရောက်စွာကာကွယ်ခြင်း၊ (၅) အဂတိလိုက်စားမှု ကင်းရှင်းသော စီးပွားရေးနယ်ပယ်ဖြစ်ပေါ်စေခြင်းတို့ ဖြစ်ပါကြောင်း။

 

အဆိုပါ အခြေခံကောင်းများ တည်ဆောက်ခြင်းအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေအား ၂၀၁၈ ခုနှစ် ဇွန် ၂၁ ရက်တွင် ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ပြင်ဆင်သည့် ဥပဒေနှင့်အညီ ဖြစ်စေရန် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး နည်းဥပဒေများ (မူကြမ်း)နှင့် အများပြည်သူအကျိုး ထုတ်ဖော် သတင်းပေးသူအား အကာအကွယ်ပေးရေးဥပဒေ (မူကြမ်း)တို့ကို ကော်မရှင်ကရေးဆွဲ ၍ သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ပါကြောင်း။

 

ပြည်ထောင်စုဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) ၃၆ ဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်သည့်အပြင် CPU Toolkit နည်းပညာဖြင့် ဆက်သွယ်ဆောင်ရွက်ရန် လက်အောက်ခံ ရုံး/ဌာနခွဲ ၃၁၉ ခုအထိ ဖွဲ့စည်းထားပြီးဖြစ် ပါကြောင်း၊ CPU များ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစဉ် ၆ ချက်ကိုလည်း အလုပ်ရုံဆွေးနွေးပွဲများတွင် ဆွေးနွေးအတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ CPU လုပ်ငန်းစဉ် များကို ဝန်ကြီးဌာနအလိုက် အောင်မြင်စွာဆောင်ရွက်နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံ၌ အဂတိလိုက်စားမှုများကို သိသိသာသာ လျော့ကျသွားအောင် ဆောင်ရွက်နိုင်မည်ဖြစ် ပြီး နိုင်ငံ့ဝန်ထမ်းများအတွက်လည်း ထိခိုက်မှုနစ်နာမှု အနည်းဆုံးဖြင့် အဂတိလိုက်စားမှု ဘေးအန္တရာယ်များမှ ကင်းဝေးသွားစေရန် ပြုပြင်ပြောင်းလဲပေးနိုင်မည်ဖြစ်ပါကြောင်း၊ အားလုံးပါဝင်မှုရှိသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ပိုမိုတက်ကြွလန်းဆန်းလာစေမည်ဖြစ်ပါကြောင်း။

 

CPU များ ခိုင်မာအားကောင်းစွာ အလုပ်လုပ်နေခြင်းဖြင့် ဌာနဆိုင်ရာဘက်က ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေကြပြီဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင် များဘက်ကလည်း အဂတိလိုက်စားမှုကို ဆန့်ကျင်သော ကျင့်ဝတ်များကို ကိုယ်တိုင် ရေးဆွဲ၍ ဖြောင့်မတ်တည်ကြည်မှုနှင့် တာဝန်ယူမှုရှိစွာဖြင့် လိုက်နာကျင့်သုံးသွားကြရန် လိုအပ်ပါကြောင်း၊ “အဂတိလိုက်စားမှု ဆန့်ကျင်ရေးအတွက် ကျွန်ုပ်တို့အားလုံး စုပေါင်း ညီညွတ်ကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ သာမက စီးပွားရေးလုပ်ငန်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများသည် အဂတိလိုက်စား မှုတိုက်ဖျက်ရေးအတွင် ဟန်ချက်ညီစွာ စုပေါင်းပါဝင်ကြပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

 

ယင်းနောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် အခမ်းအနားသို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး(UNODC)၏ အမှု ဆောင်ဒါရိုက်တာ Mr. Yury Fedotov ပေးပို့သည့် သဝဏ်လွှာကို ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး (တာဝန်ခံ) မစ္စရှောင်းကျယ်က ဖတ်ကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး (တာဝန်ခံ)၊ UNDP နှင့် UNODC ရုံးတို့မှ ကိုယ်စားလှယ်များ၊ ဆုရကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဆောက်ရွက်ချက် မှတ်တမ်းပြခန်းကို လှည့်လည်ကြည့်ရှုသည်။

 

ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က အမှာစကားပြောကြားပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)ရုံးတို့မှ တာဝန်ရှိသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြကာ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ (UNDP)နှင့် (UNODC)ရုံးတို့မှ တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တေးသရုပ် ဖော်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

(သတင်းစဉ်)