နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဘင်းမ်းစတက်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

၃၀ သြဂုတ်

မိမိတို့ကိုယ်စားလှယ်အဖွဲ့ကို နွေးထွေးစွာကြိုဆိုပြီး၊ ဧည်ဝတ်ကျေပွန်သည့် နီပေါနိုင်ငံ အစိုးရနှင့် ပြည်သူများကို အထူးကျေးဇူးတင်ရှိပါကြောင်း။

မိမိ အနေနှင့် ယခုအစည်းအဝေးကို ပထမဆုံးအကြိမ်တက်ရောက်ပြီး အဆွေ‌တော်တို့နှင့် အမြင်ချင်းဖလှယ်ခွင့်ရရှိသည့်အတွက်များစွာဂုဏ်ယူမိပါကြောင်း။ ယခုအစည်းအဝေးတွင် BIMSTEC ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာအောင် မည်သည့်နည်းလမ်းများနှင့် ဆောင်ရွက်သင့်သည်ကို ဆွေးနွေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

၂၀၁၄ခုနှစ် နေပြည်တော်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် BIMSTEC ထိပ်သီး အစည်းအဝေးတွင် BIMSTEC ပူးပေါင်းဆောင်ရွက်မှုပိုမိုနက်ရှိုင်းလာစေရန်နှင့် အဖွဲ့ကြီး၏ ဖွဲ့စည်းမှုဆိုင်ရာလုပ်ငန်းစဉ်များ ပိုမိုခိုင်မာအောင်ဆောင်ရွက်ရေး သဘောတူညီခဲ့ပါကြောင်း။ ယင်းအစည်းအဝေးတွင် BIMSTEC အတွင်းရေးမှူးရုံးကို ဒါကာမြို့တွင် ထူထောင်ရန်နှင့် BIMSTEC အတွင်း ရေးမှူးချုပ် ခန့်အပ်ရေးကိုလည်း အဖွဲ့ဝင်နိုင်ငံများက သဘောတူညီနိုင်ခဲ့ပါကြောင်း။

ပထမဆုံး BIMSTEC အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မစ္စတာ ဆူမတ်-နာကန်ဒါလာ ကိုလည်း ၎င်း၏စွမ်းစွမ်းတမန်တာဝန်ထမ်းဆောင်ခဲ့မှုအတွက် ဂုဏ်ပြုပါကြောင်းပြောကြားလိုပါကြောင်း။ မစ္စတာ ရှဟီဒူး-အစ္စလမ် အား ဒုတိယမြောက် BIMSTEC အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့မှုအပေါ်ကိုလည်း ကြိုဆိုပါကြောင်း။

BIMSTEC ခေါင်းဆောင်များအလွတ်သဘောအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် အောင်မြင်စွာလက်ခံကျင်းပပေးခဲ့သည့် အိန္ဒိယနိုင်ငံကိုလည်း ဂုဏ်ပြုပါကြောင်း။ ယင်းအစည်းအဝေးက ထုတ်ပြန်ခဲ့သည့် Outcome Document နှင့် Agenda of Action များသည် BIMSTEC ပူးပေါင်းဆောင်ရွက်မှု၏ လမ်းညွှန်မူဘောင်များ ဖြစ်ခဲ့ပါကြောင်း။

စိုက်ပျိုးရေးသည်  မိမိတို့နိုင်ငံအများစု၏ အဓိကစီးပွားရေးဖြစ်ကြပါကြောင်း။ စိုက်ပျိုးရေးသည် ဒေသတွင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အစားအစာနှင့်အဟာရလုံခြုံမှု ကဏ္ဍက နေပြီး အထောက်အကူပြုလျက်ရှိပါကြောင်း။

ယနေ့ကမ္ဘာတွင် တိုးပွားနေသည့် လူဦးရေအတွက် အစားအစာနှင့်အဟာရလုံခြုံမှုရှိဖို့ စိန်ခေါ်မှုများနဲ့ရင်ဆိုင်နေရပါကြောင်း။ ၂၀၅၀ ခုနှစ်တွင် လူဦးရေ ၉ ဒသမ ၆ ဘီလီယံ အထိရှိလာမည်ဟု ခန့်မှန်းရပါကြောင်း။ ကမ္ဘာ့လူ ဦးရေ၏ ၂၂ ရာခိုင်နှုန်း နေထိုင်သည့် BIMSTEC ဒေသသည်လည်း ဒီစိန်ခေါ်မှုကို မလွဲမသွေရင်ဆိုင်ရမည်ဖြစ်ပါကြောင်း။

BIMSTEC စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်သူများအစည်းအဝေး၏ အောင်မြင်မှုများကို အသိအမှတ်ပြုသည့် တစ်ချိန်တည်းတွင် မြန်မာနိုင်ငံအနေနှင့် BIMSTEC ၏ ဦးဆောင်နိုင်ငံ ဖြစ်သည့်အတွက် ပထမဆုံး စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၈/၂၀၁၉ ခုနှစ်အတွင်း လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းကို အသိပေးလိုပါကြောင်း။

မိမိတို့ဒေသခွဲတွင်ရှိသည့်နိုင်ငံများသည် ရေအားလျှပ်စစ်အပါအဝင် စွမ်းအင်အရင်းအမြစ် ပေါကြွယ်ဝကြပါကြောင်း။ သို့သော် တိုးမြင့်လာသည့် စွမ်းအင်လိုအပ်ချက်များနှင့် ကိုက်ညီအောင် ထုတ်လုပ် ဖြည့်တင်းနိုင်မှုမရှိပါကြောင်း။ ထို့ကြောင့် မိမိတို့ ဒေသတွင်း နိုင်ငံများအနေနှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင်ကုန်သွယ်မှုတို့ကို တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်နေပါကြောင်း။

၂၀ဝ၉ ခုနှစ်၊ မြန်မာနိုင်ငံတွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် BIMSTEC Energy Centre တည်ထောင်မှု ဆိုင်ရာနားလည်မှုစာချွန်လွှာဟာ BIMSTEC စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရအောင်မြင်မှုတစ်ခုဖြစ်ပါကြောင်း။ ယင်း စင်တာ  စတင်လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကအခန်း ကဏ္ဍက ပါဝင်နေပါကြောင်း။

ယ္ခုထိပ်သီးအစည်းအဝေးတွင်  BIMSTEC Grid Interconnection နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း။ ယင်းနားလည်မှုစာချွန်လွှာသည် အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ကုန်သွယ်မှုအတွက် မူဘောင်တစ်ရပ် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ပေါင်းစည်းဆက်နွယ်မှုသည် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းပေါင်းစည်းမှု လုပ်ငန်းစဉ်များအတွက် အဓိအခန်းက ပါဝင်နေပါကြောင်း။ သယ်ယူပို့ ဆောင်ရေးဆိုင်ရာ BIMSTEC Master Plan ရေးဆွဲမှုမှာ အောင်မြင်မှုများရရှိနေသည်ဟု သိရှိရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း။ ထိုသို့ရေးဆွဲရာတွင် အကူအညီများပေးနေသည့် ADB ကို လည်း ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါကြောင်း။

အဖွဲ့ဝင်နိုင်ငံများအကြား ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် အောင်မြင်မှု အတိုင်းအတာတစ်ခုအထိရရှိနေသော်လည်း၊ စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေဆဲဖြစ်ပါကြောင်း။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်က ပြုလုပ်ခဲ့သည့် တတိယအကြိမ် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး ကထုတ်ပြန်ခဲ့သည့် “ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ကိုလမ်ဘိုကြေညာချက်”ကိုကြိုဆိုပါကြောင်း။ ကြေညာချက်တွင် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ ဒေသတွင်းရှိ ပြည်သူများအဆင့်အတန်းရှိသော တိုးတက်ကောင်းမွန်သည့် လူနေမှုဘဝကိုပိုင်ဆိုင်နိုင်ရေး ဆောင်ရွက်ပေးသွားလိုသည့် ကတိကဝတ်များကို ဖေါ်ပြထားသည်ကို တွေ့ရှိရပါကြောင်း။

၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသည် “၂၀ဝ၉ ခုနှစ် BIMSTEC အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် မူးယစ်ဆေး တိုက်ဖျက်ရေးဆိုင်ရာ စာချူပ်” တွင် အတည်ပြုပါဝင်ခဲ့ပါကြောင်း။

BIMSTEC အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေးသည်  အဖွဲ့ဝင် နိုင်ငံများအကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၏ အဓိကအရေးပါသည့် အစိတ် အပိုင်းတစ်ရပ်ဖြစ်ကြောင်း အသိအမှတ်ပြုဖေါ်ပြလိုပါကြောင်း။ ဒီအစည်းအဝေးတွင် အဖွဲ့ဝင် နိုင်ငံများအကြား မဟာဗျူဟာမြောက်ဆွေးနွေးနိုင်ရုံသာမက လက်တွေ့ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကိုပါ ဆွေးနွေးအဖြေရှာနိုင်သည့်အတွက် BIMSTEC အကြမ်းဖက်မှု တိုက်ဖျက်ရေးကဏ္ဍအတွက် များစွာအရေးပါ ပါကြောင်း။

မြန်မာနိုင်ငံသည် “BIMSTEC မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဓါတု ပစ္စည်းများ” အဖွဲ့ခွဲ၏ ဦးဆောင်နိုင်ငံအဖြစ်တာဝန်ယူထားသည့်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော်မူခင်းများတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးများကို လက်ခံကျင်းပပေးခဲ့ပါကြောင်း။

မြန်မာနိုင်ငံသည် အကြမ်းဖက်မှု၏ ဆိုးဝါးသည့်ရိုက်ခတ်မှုများကို ရင်ဆိုင်နေရလျက်ရှိ ပါကြောင်း။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော်မူခင်းများ တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို များစွာအလေး ထားပြီး၊ BIMSTEC ပူးပေါင်းဆောင်ရွက်မှုမူဘောင်အောက်မှ ဆက်လက်တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုပါကြောင်း။

BIMSTEC လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံများ က၂၀ဝ၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း၊ ယင်းတါင်ပါဝင်သည့် သီးခြားသဘောတူ စာချုပ်ခွဲများကို လက်မှတ်ရေးထိုးနိုင်ရန်အတွက် ဆက်လက်ညှိနှိုင်းဆဲ အဆင့်တွင်သာ ရှိနေပါကြောင်း။ ထိုသို့ ညှိနှိုင်းဆဲအခြေအနေတွင် မိမိတို့အဖွဲ့ဝင်နိုင်ငံများ အနေနှင့် ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်ခြင်း အစရှိသည့် လုပ်ငန်းများ ဆောင်ရွက်ပြီး ကုန်သွယ်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားသင့်ပါကြောင်း။

BIMSTEC ၏ အဆင့်ဆင့်သောအစည်းအဝေးများနှင့်ဖွဲ့စည်းထားသည့် ကွပ်ကဲမှုစနစ်သည် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကို ထိန်းသိမ်းလမ်းညွှန်ရာတွင် များစွာအရေးပါသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း။ သို့သော်“လုပ်ထုံးလုပ်နည်းများ” သတ်မှတ်ရေးဆွဲ နိုင်ခဲ့ပါက မိမိတို့ ပူးပေါင်းဆောင်ရွက်ရေးသည် ပိုမိုထိရောက်မှုရှိလာမည်ဟု ထင်မြင်မိပါ ကြောင်း။ ထို့ပြင် ယင်းလုပ်ထုံးလုပ်နည်းများသည် အနာဂတ် “BIMSTEC ပဋိညာဉ်စာတမ်း” ရေးဆွဲရာတွင်လည်း အခြေခံကောင်းအဖြစ်ရှိနေမည် ဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်း မူကြမ်းရေးဆွဲသွားမည့် အစီအစဉ်ကို ကြိုဆိုကြောင်း ပြောကြားလိုပါကြောင်း။

BIMSTEC ၏ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ ၁၆ ခု  ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ရန်မှာ ငွေကြေးအရနှင့် အရင်းအမြစ်များအရပါ ကန့်သတ်ချက်များ ရှိနေသည့်အတွက် အခက်အခဲများစွာရှိပါကြေင်း။ ထို့ကြောင့် ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရန် မိမိတို့ဆောင်ရွက်လိုသည့်စီမံကိန်းများထဲက အချို့ကို ဦးစားပေးအနေနှင့် ရွေးချယ်သွားရမည်ဖြစ်ပါကြောင်း။

ရန်ပုံငွေရရှိနိုင်မှုသည် မိမိတို့ပူးပေါင်းဆောင်ရွက်ရေးအတွက် ထည့်သွင်းစဉ်းစားရသည့် အချက်တစ်ချက်ဖြစ်သည်ကို မိမိတို့  နားလည်ပါကြောင်း။ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် ရန်ပုံငွေရရှိနိုင်မည့် အခြားနည်းလမ်းများ ရှာဖွေသွားမည့် အစီအစဉ်ကို ကြိုဆိုပါကြောင်း။ လက်ရှိတွင် မိမိတို့၏ ဘုံစီမံကိန်းများကို အကောင်အထည်ဖော်ရန်အတွက် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု မြှင့်တင်သွားဖို့ လိုအပ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် BIMSTEC ဒေသကြီး ငြိမ်းချမ်းဝေစည်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုရရှိရေးအတွက် BIMSTEC ပူးပေါင်းဆောင်ရွက်ရေး ပိုမိုအားကောင်း လာအောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြား လိုပါကြောင်း ပြောကြားသည်။

 

mdn