နေပြည်တော် ၁၇ ဇွန်
ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဘဏ္ဍာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုကြရန် ဖြစ်ပါကြောင်း။
မိမိတို့ အစိုးရသက်တမ်း ကာလအတွင်းတွင် ယခုဆိုလျှင် ဘဏ္ဍာရေးနှစ် (၄)နှစ် ရှိလာပြီဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈ နှင့် ၂၀၁၈ ခုနှစ်(၆)လ ဘဏ္ဍာရေးနှစ် တို့ကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ အကောင်အထည်ဖော်ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်များက အားသာချက်၊ အားနည်းချက်များကို သုံးသပ်ပြီး လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်ကြရန် လိုအပ်ပါကြောင်း၊ ဌာန၊ အဖွဲ့ အစည်းများကို နှစ်စဉ်ခွဲဝေပေးသည့် အသုံးစရိတ်များသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် ထိရောက်စွာအကျိုးပြုရန် လိုပါကြောင်း၊ ယင်းအသုံးစရိတ်များသည် နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊ ကဏ္ဍအလိုက် ဒေသအလိုက် စီမံကိန်းများ၊ နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တွင် ပါဝင်သည့် မဟာဗျူဟာမြောက် စီမံကိန်းများကို ထင်ဟပ်ပေါ်လွင်စေရမည် ဖြစ်ပါကြောင်း။
ခွဲဝေပေးသည့် အသုံးစရိတ်များကို ရုံးချုပ်က ချုပ်ကိုင်ထားခြင်းမျိုး မဖြစ်စေဘဲ လုပ်ငန်းများ အချိန်မီ ပြီးစီးရေးအတွက် စနစ်ကျသည့် အသုံးစရိတ် စီမံခန့်ခွဲမှုစနစ်ဖြင့် မိမိလက်အောက် ရုံးခွဲအဆင့်ဆင့်ကို လုပ်ပိုင်ခွင့် အပ်နှင်းခွဲဝေပေးရန်လည်း လိုအပ်မည် ဖြစ်ပါကြောင်း။
လျာထားသည့် အသုံးစရိတ်နှင့် အမှန်တကယ်သုံးစွဲသည့် အသုံးစရိတ် နီးစပ်မှု ရှိသင့်ပါကြောင်း၊ ပိုလျှံငွေ ပြန်အပ်မှုများပြားခြင်းသည်လည်း ဘတ်ဂျက်လျာထားမှု စွမ်းရည် အားနည်းသည်ကို ပြသနေခြင်းဖြစ်ပါကြောင်း။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မိမိတို့၏ လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နိုင်ရန် လိုငွေနှင့် GDP အချိုးကို ၅ ရာခိုင်နှုန်းထက် ကျော်လွန် ခွင့်ပြုထားခြင်း ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် ပြည်သူများကို ချက်ချင်း လက်ငင်းအကျိုးဖြစ်ထွန်းစေမည့် အသုံးစရိတ်များဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ လမ်း တံတားလုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့် သုံးစွဲသွားမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များတွင်လည်း ယခင်နှစ်များထက် များစွာ ပိုမိုသုံးစွဲသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အရေးတကြီး ပြီးပြတ်နိုင်မည့် စီမံကိန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ရန် မှာကြား လိုပါကြောင်း၊ ခွဲဝေရရှိသည့် အသုံးစရိတ်ကို ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီအောင် စီမံခန့်ခွဲသုံးစွဲကြရန် ဖြစ်ပါကြောင်း။
ရငွေလျာထားချက်အပေါ် တာဝန်ရှိသည့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့်လည်း လျာထားသည့်အတိုင်း ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ပြည်ပ အကူအညီရငွေ၊ ပြည်ပချေးယူရငွေများရှိသည့် ဌာနများအနေဖြင့် ဘဏ္ဍာရေးနှစ် အတွင်း အမှန်တကယ် ရရှိနိုင်မည့် ပမာဏကိုသာ ခန့်မှန်းရေးဆွဲရန်နှင့် ပြည်ပအကူ အညီ အထောက်အပံ့များကို အချိန်ဇယားနှင့်အညီ ထုတ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ ပြည်ပချေးငွေများသည် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည့်အတွက် အလေအလွင့် မဖြစ်အောင်သုံးစွဲရန် လိုပါကြောင်း။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေအရ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကို ပုံမှန်ဈေးနှုန်းအရ ၇ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားပါကြောင်း၊ ယင်းရည်မှန်းချက်ရရှိရန် ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေ သုံးစွဲ နိုင်မှုသည် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိပါကြောင်း၊ ပြည်ထောင်စုအဆင့်၊ တိုင်း ဒေသကြီး/ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းများက မိမိတို့ ခွဲဝေရရှိသည့် အသုံးစရိတ် များ အနက် သာမန်အသုံးစရိတ်များ၊ ငွေလုံးငွေရင်း အသုံးစရိတ်များ သုံးစွဲမှုမှတစ်ဆင့် ကုန်ထုတ်လုပ်မှု တိုးတက်စေခြင်း၊ ပြည်တွင်းစားသုံးမှု တိုးတက်စေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်စေခြင်း၊ ကုန်စည်ကူးသန်း ရောင်းဝယ်ရေးများ တိုးတက် စေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်ရန် နိုင်ငံတော်၏ ဘဏ္ဍာငွေသုံးစွဲမှုကို မြှင့်တင်သုံးစွဲပေးခြင်းလည်း ဖြစ်ပါကြောင်း။
ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူးဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရှင်းလင်းတင်ပြမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့ သတ်မှတ်ချိန်အမီ ပေးပို့နိုင်ရန် ဘဏ္ဍာရေးကော်မရှင်က ဆွေးနွေးအတည်ပြုကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေငွေစာရင်းအား စိစစ်ခဲ့သည့် အခြေအနေကို ဘဏ္ဍာရေးကော်မရှင်သို့ မတင်ပြမီ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်သည် ယခင်ဘဏ္ဍာရေးနှစ်များနှင့် မတူသည့် အချက်အချို့ကို ဦးစွာတင်ပြ လိုပါကြောင်း၊ ၎င်းတို့မှာ လိုငွေနှင့် ဂျီဒီပီအချိုးကို ၅ ရာခိုင်နှုန်းထက် ကျော်လွန် ခွင့်ပြုခဲ့ခြင်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေ လျာထားသည့်ပုံစံကို ပြောင်းလဲခြင်း၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ငွေကြေး စီမံခန့်ခွဲမှု အစီအစဉ်ပြောင်းလဲခြင်းတို့ ဖြစ်ပါကြောင်း။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး ကဏ္ဍများတွင် ယခင်နှစ်များ ထက် ပိုမိုသုံးစွဲသွားမည်ဖြစ်ပြီး နိုင်ငံတော်အတွက် အရေးတကြီး လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား လုံလောက်ရေး၊ လမ်း၊ တံတား၊ အဆောက်အအုံ၊ ကျေးလက်လမ်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများတွင်လည်း အထူးအလေးပေးပြီး ပိုမို သုံးစွဲ သွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများကို ယခုဘဏ္ဍာရေးနှစ်တွင် တတ်နိုင်သမျှ ပြီးပြတ်အောင် ဆောင်ရွက်စေလိုပါကြောင်း၊ အထူးသဖြင့် ပြည်သူလူထုကို လက်ငင်းအကျိုး ကျေးဇူးဖြစ်စေမည့် ထင်သာမြင်သာဖြစ်စေသည့် စီမံကိန်းမျိုးကို ပြီးစီးအောင် ကြိုးပမ်းရမည် ဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းများကို အမျိုးသားစီမံကိန်းတွင် ပါဝင်စေပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့်လည်း ချိတ်ဆက်ကာ အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း။
အရေးပေါ်ရန်ပုံငွေ ပြောင်းလဲလျာထားမှုနှင့်စပ်လျဉ်းပြီး ယခင်နှစ်များထက် သဘာဝ ဘေးအန္တရာယ် ကာကွယ်မှုနှင့်ကယ်ဆယ်မှုများကို လျင်လျင်မြန်မြန် တုံ့ပြန် ဆောင်ရွက်နိုင်စေရန် ငွေကျပ် ၁၀ဝ ဘီလီယံ လျာထားမှုအစား ဗဟိုတွင် ငွေကျပ် ၅၀ ဘီလီယံသာ ထားပြီးကျန် ၅၀ ဘီလီယံကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များသို့ ခွဲဝေလျာထားပေးထားပါကြောင်း၊ ဘဏ္ဍာရေးနှစ်အတွင်း ကြိုတင် မမျှော်မှန်း နိုင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာမည့် ကိစ္စရပ်များနှင့် ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲလျှင်မဖြစ်သည့် ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း။
ထို့ပြင် နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ငွေကြေးစီမံခန့်ခွဲမှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကစပြီး ပြောင်းလဲဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်း SEE Account ( UFA – SEE)နှင့် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ စာရင်း Other Account (UFA – OA) ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများကို (UFA – SEE) Account တစ်ခုတည်းနှင့်သာ ဆောင်ရွက် စေမည်ဖြစ်ပါကြောင်း၊ ယင်းအဖွဲ့အစည်းများ၏ ကုန်သွယ်မှု (အရှုံး /အမြတ်) စာရင်းအရ အမြတ်ရရှိပါက ဝင်ငွေခွန်ပေးဆောင်ရန်နှင့် ကျန်ရှိသည့် အမြတ်ငွေအားလုံးကို နိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ် ထည့်ဝင်ရန် ပြောင်းလဲသတ်မှတ်ထားပါကြောင်း၊ UFA(OA) စာရင်းများကို စာရင်းစစ်ဆေးပြီးနောက် စနစ်တကျ ပိတ်သိမ်းသွားမည် ဖြစ်ပါကြောင်း။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အဆင့်ဆင့်စိစစ်ပြီးသည့် ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်း၊ စာရင်းချုပ်မှာ ရငွေစုစုပေါင်း ငွေကျပ် ၂၅၃၁၃ ဘီလီယံ၊ သုံးငွေ စုစုပေါင်း ငွေကျပ် ၃၂၃၄၀ ဘီလီယံ၊ စုစုပေါင်းလိုငွေပမာဏ ငွေကျပ် ၇၀၂၇ ဘီလီယံ ဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီအချိုး ၅ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ အထက်ပါ ရငွေ၊သုံးငွေ စုစုပေါင်းထဲတွင် ပြည်ပအကူအညီ ရငွေကျပ် ၇၀၄ ဘီလီယံ၊ ပြည်ပ ချေးယူ ရငွေကျပ် ၂၆၂၅ ဘီလီယံတို့ပါဝင်ပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုငွေအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးငွေကျပ် ၂၁၁၄ ဘီလီယံ ဖြစ်ပြီး ယခင်နှစ်က ထောက်ပံ့မှုထက်ငွေကျပ် ၃၂၀ ဘီလီယံ ပိုမိုပါကြောင်း။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် ၎င်းကို အခြေပြုရေးဆွဲထားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးကော်မရှင်ကသုံးသပ်ပြီး အတည်ပြုပေးရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုတွင် လိုငွေနှင့် ဂျီဒီပီအချိုး ကို ၅ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပြည်သူများ၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုက တိုင်းဒေသကြီး/ပြည်နယ်များကို ပိုမိုထောက်ပံ့ ပေးနိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ ငွေစာရင်းအတွက် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ် များသို့ စုစုပေါင်းထောက်ပံ့ပေးမည့် ငွေမှာ ငွေကျပ်၂၁၁၄ ဘီလီယံဖြစ်ပါကြောင်း၊ ယမန်နှစ်က ထောက်ပံ့ငွေကျပ် ၁၇၉၄ ဘီလီယံ ဖြစ်ပြီး ယမန်နှစ်ထက် ငွေကျပ် ၃၂၀ ဘီလီယံ ပိုမိုထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း။
အခွန်ဝေစုအနေဖြင့် ငွေကျပ် ၃၅၀ ဘီလီယံကို ခွဲဝေပေးမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေမှာ ယခင်နှစ်များနည်းတူ ငွေကျပ် ၃၂ ဘီလီယံဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုက ထောက်ပံ့မည့် ငွေကျပ် ၂၁၁၄ ဘီလီယံအပေါ် အခြေခံပြီး တိုင်းဒေသကြီး/ ပြည်နယ်များက ရေးဆွဲတင်ပြလာသည့် အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် စုစုပေါင်းရငွေ ကျပ် ၁၂၁၁ ဘီလီယံ စုစုပေါင်းအသုံးစရိတ် ငွေကျပ် ၃၃၂၅ ဘီလီယံနှင့် လိုငွေ ကျပ်၂၁၁၄ ဘီလီယံဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက် များကို ဘဏ္ဍာရေးကော်မရှင်သို့ မတင်ပြမီ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘဏ္ဍာရေး ကော်မရှင်၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့်အညီ စိစစ်ခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ်များ၏ သာမန်အသုံးစရိတ် စုစုပေါင်းငွေကျပ် ၉၉၅ ဘီလီယံနှင့်ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၂၃၃၀ ဘီလီယံဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်များကို စိစစ်ရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အသုံးစရိတ်များကို ဦးစားပေးသုံးစွဲရန်နှင့် ရုံးများ၊ ဧည့်ရိပ်သာများ၊ ဝန်ထမ်းအိမ်ရာများ၊ မော်တော်ယာဉ် ဝယ်ယူမှုများကို လျှော့ချရန် လမ်းညွှန်ကြပ်မတ်ခဲ့ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များကလည်း ပြည်သူအတွက် ထင်သာမြင်သာ ဖြစ်စေသည့် လုပ်ငန်းများ၊ ပြည်သူများ အဓိကလိုအပ်နေသည့် လုပ်ငန်းများကို ဦးစားပေးပြီး ဆောင်ရွက်သွားမည်ဖြစ်သည်ဟု တင်ပြခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ တင်ပြချက်များကိုလည်း မှတ်သားထားရှိပြီး ပြည်ထောင်စုနှင့် ပေါင်းစပ် ညှိနှိုင်းပေးမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် စီမံကိန်းလုပ်ငန်း များ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲမှုများ နည်းပါးစေရေး၊ ပိုလျှံငွေ အမြောက်အမြား ပြန်လည်အပ်နှံမှု မဖြစ်စေရေးတို့ကိုလည်း ဂရုပြု ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ပြည်နယ်များမှ ရေးဆွဲတင်ပြလာသည့် အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို ဘဏ္ဍာရေးကော်မရှင်က ဆွေးနွေးသုံးသပ် အတည်ပြုပေးနိုင်ရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေ စာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ထောက်ခံ ဆွေးနွေးကြသည်။
ယင်းနောက် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက ယနေ့ ကျင်းပ ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စု အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို အတည်ပြုပြီးဖြစ်သည့်အတွက် ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးရေးဆွဲ တင်ပြခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ပေးပို့တင်သွင်းသွားမည် ဖြစ်ပါကြောင်း။
မိမိတို့ ပေးပို့သည့် အရအသုံးစာရင်းများကို လွှတ်တော်ကော်မတီအသီးသီးနှင့် စိစစ်ရေးအဖွဲ့များက စိစစ်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များကလည်း ဆွေးနွေး ကြမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကလည်း ၎င်း၏ သုံးသပ် တွေ့ရှိချက်များနှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို တင်သွင်းမည်ဖြစ်ပါကြောင်း၊ ထို့အတူ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အသီးသီး၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အသီးသီးက ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကလိုအပ်၍ ခေါ်ယူ မေးမြန်းစိစစ်သည့်အခါ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအနေဖြင့် မိမိတို့၏ လျာထား ရသည့် အကြောင်းရင်းများကို ပြည့်ပြည့်စုံစုံနှင့် ခိုင်ခိုင်မာမာ ရှင်းရှင်းလင်းလင်း တင်ပြ နိုင်အောင် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
ဘတ်ဂျက်လည်ပတ်မှု လုပ်ငန်းစဉ်များဖြစ်သည့် စတင်ရေးဆွဲသည့်အဆင့်၊ စိစစ်သည့်အဆင့်၊ အကောင်အထည်ဖော်သည့်အဆင့်၊ အကောင်အထည်ဖော်နိုင်မှု အခြေအနေကို အစီရင်ခံသည့်အဆင့် စသည့် အဆင့်အားလုံးတွင် မပြတ်သော သတိနှင့် စနစ်တကျ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။
ရငွေလျာထားသည့် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများ အားလုံးသည် လျာထားသည့်ရငွေကို အနည်းဆုံး ရရှိရမည့် ငွေအဖြစ်သတ်မှတ်ပြီး ယင်းထက်ပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်စေလိုပါ ကြောင်း၊ ခွင့်ပြုထားသည့် အသုံးစရိတ်များကို သုံးစွဲရာတွင် အများဆုံးသုံးစွဲနိုင်မည့် ငွေအဖြစ်သတ်မှတ်ပြီး တတ်နိုင်သမျှ လျော့နည်းသုံးစွဲပြီး လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်စေလိုပါကြောင်း။
ဘဏ္ဍာငွေရရှိမှု၊ သုံးစွဲမှုများနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန်၊ သုံးစွဲလိုက်သည့် ငွေကြေးကိစ္စရပ်တိုင်းအတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းနှင့်အညီ သုံးစွဲကြရန်၊ ဌာနတွင်းစာရင်းစစ်အဖွဲ့များက သေချာစစ်ဆေးရန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးမှုကို စနစ်တကျ ခံယူရန်၊ ဘဏ္ဍာငွေ အရအသုံးများကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
(သတင်းစဉ်)