ရန်ကုန် ၁၈ ဇူလိုင်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်တစ်ထောင်မြို့နယ်ရှိ အတွင်းဝန်ရုံးဟောင်း (ယခင်ဝန်ကြီးများရုံး)တို့အား ကြည့်ရှုလေ့လာသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ နံနက် ၉ နာရီ မိနစ် ၂၀ တွင် လေကြောင်းခရီးဖြင့် နေပြည်တော်မှ ရန်ကုန်မြို့သို့ရောက်ရှိရာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သို့ရောက်ရှိပြီး ဒုတိယသမ္မတများဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူနှင့် ဦးကြည်မင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ တာဝန်ရှိသူများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ဝင်းအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သော မော်တော်ယာဉ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်း မှတ်တမ်းဓာတ်ပုံများ၊ ပြည်တွင်းပြည်ပခရီးစဉ်မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော စာပို့ခတံဆိပ်ခေါင်းများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ စာပို့ခတံ ဆိပ်ခေါင်းများ၊ ငွေစက္ကူများ နှင့် ငွေအကြွစေ့များ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုလေ့လာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ပြတိုက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပုံစံတူရုပ်တု၊ ဘုရားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ဧည့်ခန်းနှင့်ထမင်းစားခန်းတို့ကို လှည့်လည် ကြည့်ရှုလေ့လာပြီး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား ဂါရဝပြုကာ ပြတိုက်ဝင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်စိုက်ပျိုးခဲ့သည့် စိုက်ခင်းနေရာနှင့် ရေကန်တို့ကို ကြည့်ရှုလေ့လာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အတွင်းဝန်ရုံးဟောင်း(ယခင် ဝန်ကြီးများရုံး) သို့ရောက်ရှိပြီး ဝင်းအတွင်းရှိ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ပြုလုပ်ထားသည့် အထိမ်းအမှတ်ကျောက်တိုင်၊ လွတ်လပ်ရေးမရမီအသုံးပြုခဲ့သည့် တိုင်းပြုပြည်ပြုလွှတ်တော် အဆောက်အဦ၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးဆောင်တို့ကို ကြည့်ရှုလေ့လာသည်။
သတင်းစဉ်


