နေပြည်တော် ၁၇ အောက်တိုဘာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော် မျက်နှာစာရှိ မြက်ခင်းပြင်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုသည်။
နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ သည် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်သို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ တို့သည် ဂုဏ်ပြုခံစင်မြင့်၌ နေရာယူ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးကာ တက်ရောက်လာကြသည့် နှစ်နိုင်ငံ အဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။
ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအပြီးတွင် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ သည် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ တို့သည် နိုင်ငံတော်သမ္မတအိမ်တော်၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတိုးမြှင့်ရေး၊ မြန်မာ-နီပေါ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထူထောင်မှု နှစ်(၆၀)ပြည့် အခမ်းအနားများနှင့်အတူ ခရီးသွားကဏ္ဍ မြှင့်တင်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အထိမ်းအမှတ်ပွဲများကျင်းပရေး၊ နီပေါနိုင်ငံ၏ ခရီးသွားနှစ်အဖြစ် သတ်မှတ်ထားသည့် ၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံပြည်သူတို့၏ ထိတွေ့ဆက်ဆံမှုနှင့် အပြန်အလှန် နားလည်မှုများ တိုးတက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် အကျိုးသက်ရောက်မှုများ လျော့ပါးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဒေါက်တာသန်းမြင့်၊ ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး Mr. Bhim Krishna Udas လည်း တက်ရောက်သည်။
သတင်းစဉ်


