မိုင်းဆတ်  ၁၇  ဧပြီ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ မိုင်းဆတ်အကျဉ်းထောင်မှ ဧပြီ ၁၇ ရက်(၁၃၈၂ ခုနှစ်၊ မြန်မာနှစ် ဆန်းတစ်ရက်)က နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်၊ ၁၂/၂၀၂၀အရ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်း သား(၁၄၇)ဦး၊ အကျဉ်းသူ(၄၀) ဦး စုစုပေါင်း (၁၈၇)ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

           

ပြစ်ဒဏ်လွတ်မြောက်သူများအား နယ်မြေခံတပ်မတော်စစ်ဆေးရုံမှ ဗိုလ်ကြီးဝင်းဘိုဘို ဦးဆောင်သော တပ်မတော်သားများက ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေးဟောပြောပြီး Mask နှင့် အသိပညာပေးလက်ကမ်းစာ စောင်များ ဖြန့်ဝေပေးသည်။

 

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အားပေးစကားပြောကြားပြီး မိမိတို့ မြို့ရွာသို့ရောက်ရှိပါ က  သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းထံ သတင်းပို့ကြရန်နှင့် Quarantine ခံယူကြရန်မှာကြားပြီး ရပ်ဝေးမှ အကျဉ်းသား(၁၄၂)ဦးအား နေရပ်ပြန်နိုင်ရေး မော်တော်ယာဉ်နှင့် နေ့လယ်စာ ထမင်းထုပ်များ စီစဉ်ပေးသည်။

 

အဆိုပါပြစ်ဒဏ်လွတ်မြောက်သူများအတွက် အကျဉ်းဦးစီးဌာနမှ စားစရိတ်နှင့် ခရီးစရိတ်ငွေကျပ်(၁၀)သိန်းကျော် နှင့် အကျဉ်းဦးစီးဌာန၏ စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အကျဉ်းသား(၆)ဦးအား လုပ်အားရှင်ခံစားခွင့်ငွေကျပ်-၂၇၀၀၀၀/ ကျော် ထောက်ပံ့ပေးအပ်သည်။

 

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အရ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်နှင့်အကျဉ်းစခန်း အသီးသီးရှိ အကျဉ်းသား/အကျဉ်းသူများ(၂၄၈၆၉)ဦးတို့အား စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ရာ မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်းသား(၁၈၇)ဦးတို့သည် ၎င်းတို့ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျှော့ပေါ့ခံစားခွင့်ရရှိကြပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းဇော်(မိုင်းဆတ်)