ရွှေဘို ၁၇  ဧပြီ

 

     

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းခွင့်ဖြင့် ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား ၃၀၆ ဦးအား ဧပြီ ၁၇ ရက် နံနက် ၁၁ နာရီက လွတ်ငြိမ်းခွင့်ပြုလိုက်​ကြောင်း သိရသည်။

 

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား ၂၇၄ ဦးနှင့် အကျဉ်းသူ ၃၂ ဦး၊ စုစုပေါင်း ၃၀၆ ဦးမှာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

       

ရွှေဘိုအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့သည့် အကျဉ်းသား အကျဉ်းသူများအား နိုင်ငံတော်အစိုးရ၏ စေတနာကို သိရှိနားလည်ပြီး နိုင်ငံအတွက် ကောင်းရာကောင်းကျိုးကို သယ်ပိုးနိုင်သူများအဖြစ် နေထိုင်သွားကြရန်နှင့် ဘဝကိုတန်ဖိုးရှိရှိ ဖြတ်သန်းနေထိုင်သွားရန် စသည်ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

လွန်မြောက်ခွင့်ရ အကျဉ်းသား၊ အကျဉ်းသူများ မိမိနေရပ်ပြန်ရန်အတွက် ရွှေဘို - မြစ်ကြီးနား ခရီးစဉ်ကို မီးရထားဖြင့်လည်းကောင်း၊ ရွှေဘို - မန္တလေးခရီးစဉ်ကို ခရီးသည်တင် မော်တော်ယာဉ် (စင်းလုံးငှား) ဖြင့်လည်းကောင်း၊ ရွှေဘို - ကလေး ခရီးစဉ်ကို ခရီးသည်တင်မော်တော်ယာဉ် (စင်းလုံးငှား) ဖြင့်လည်းကောင်း စီစဉ်ဆောင်ရွက်ထားကြောင်း ရွှေဘိုအကျဉ်းထောင် တာဝန်ခံလက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းအေးက ပြောသည်။

 

မိုးသောက်(ရွှေဘို)