၂၈   ဇွန်

 

တိုင်းပြည်၏ ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းအနေအထားအရ ကျေးလက်ပြည်သူတို့သည် လယ်ယာမြေများ သိမ်းဆည်းခံရခြင်းကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ကျေးလက်ပြည်သူလူထုသည် ဥပဒေမဲ့လယ်ယာမြေ သိမ်းဆည်းခြင်းများကိုပင် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံခန့်က လယ်ယာစိုက်ပျိုးရေး ကဏ္ဍအပေါ် မှီခိုနေရသည်ဖြစ်၍ ကျေးလက်ပြည်သူတို့၏ဘဝကို အခြေအမြစ်မှ ကိုင်လှုပ်နိုင်သော လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာများသည် လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာများ ဖြစ်ပါသည်။

 

ဤသို့သော နောက်ခံအခြေအနေ၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက် ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသော လယ်ယာမြေသိမ်းဆည်းမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “စီမံကိန်းအတွက် သိမ်းဆည်းသည်ဆိုသော်လည်း လက်တွေ့၌ စီမံကိန်းကို အကောင်အထည် မဖော်နိုင်ခြင်း၊ စီမံကိန်းကို အပြီးတိုင် အကောင်အထည် မဖော်နိုင်ခြင်း၊ စီမံကိန်းမအောင်မြင်ခြင်း” စသည့်အကြောင်းရင်းတို့ကြောင့် ကျေးလက်ပြည်သူတို့ ရင်ဆိုင်ခဲ့ရသည့် နစ်နာဆုံးရှုံးမှုတို့ကို ထောက်ပြခဲ့ပါသည်။

 

ပစ္စုပ္ပန်ကာလ၌ပင် မြေယာတို့ကို သိမ်းဆည်းထားသော်လည်း အများပြည်သူအကျိုးနှင့် နိုင်ငံတော်အကျိုးအတွက် တစ်စုံတစ်ရာ အသုံးပြုမှု မရှိခြင်းများလည်း ကြုံတွေ့ခဲ့ရပါသည်။ တစ်ဖန် လယ်ယာမြေများကို သိမ်းဆည်းသည့်အခါ လိုအပ်ချက်ထက် ပိုမိုသိမ်းဆည်းခြင်းများလည်း ရှိခဲ့ပါသည်။ ချမှတ်ထားသည့် စီမံကိန်း၏ရည်ရွယ်ချက်နှင့် မညီညွတ်သော လယ်ယာမြေ သိမ်းဆည်းခြင်းများလည်း ဖြစ်ပေါ်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးယုတ် ဆုံးရှုံးစေသည့် အထက်ရည်ညွှန်းပါ ပြဿနာတို့ကို မှန်မှန်ကန်ကန် ထောက်ပြခဲ့ပါသည်။ ဤပြဿနာတို့သည် တောင်သူလယ်သမားတို့၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ဟန့်တား နှောင့်ယှက် နိုင်သည်ဖြစ်၍ အလျင်အမြန် ကိုင်တွယ်ဖြေရှင်းနိုင်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယခုကဲ့သို့ မိန့်ခွန်းပြောကြား၍ လမ်းညွှန်ခဲ့ခြင်း ဖြစ်ပါသည်။

 

လယ်ယာမြေသိမ်းဆည်းခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်ချက်နှင့်အညီ မူဝါဒ၊ လုပ်ငန်းစဉ် ၅၂ ချက် ချမှတ်ကြိုးပမ်း ဆောင်ရွက်နေကြောင်း သိရပါသည်။ ထို့အပြင် လူထုအစိုးရသစ်၏ (၂) နှစ်တာ ကာလအတွင်း လယ်ယာမြေ သိမ်းဆည်းခြင်းဆိုင်ရာ တိုင်ကြားစာများနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်မှု အားနည်းခြင်းကိုလည်း နိုင်ငံတော်သမ္မတက ထောက်ပြခဲ့ပါသည်။ ဥပဒေမဲ့ သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးရရှိရေးတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရေးသည် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုစဉ်က ချမှတ်ခဲ့သည့် ဦးစားပေးရည်မှန်းချက် ပန်းတိုင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အလေးအနက်ထား ပြောကြားခဲ့ပါသည်။ တစ်ဆက်တည်းပင် နိုင်ငံတော်သမ္မတက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်၏ သဘောထားမှတ်ချက်များအပေါ် အခြေခံ၍ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့က မှန်မှန်ကန်ကန် ကိုင်တွယ်ဆောင်ရွက်ပေးရန် လမ်းညွှန်ခဲ့ပါသည်။ နိဂုံးချုပ်အားဖြင့် တိုင်းပြည်၏ အဓိက စိန်ခေါ်ချက်တစ်ရပ်ဖြစ်သော လယ်ယာမြေသိမ်းဆည်းမှု ကိစ္စရပ်များအပေါ် လမ်းညွှန်မှုပေးခဲ့သည့် နိုင်ငံတော်သမ္မတ၏ ဤမိန့်ခွန်းကို ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း