နေပြည်တော် ၁၉ ဇန်နဝါရီ 


နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် သတင်းထောက်များ လက်ဖက်ရည်ဝိုင်း တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် Press Room ၌ ကျင်းပသည်။


တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မြန်မာနိုင်ငံ အစိုးရအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း။


မကြာသေးမီက အေအေသောင်းကျန်းသူအဖွဲ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ စခန်းများကို တိုက်ခိုက်ခဲ့ခြင်းသည် နိုင်ငံတော်အစိုးရက အထူးအလေးထား ဆောင်ရွက်လျက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် များစွာထိခိုက်စေပါကြောင်း။


နိုင်ငံတော်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးကို တပ်မတော်က တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။


ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်လာသည့် အေအေသောင်းကျန်းသူများကို နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက တပ်မတော်သို့ သောင်းကျန်းမှု နှိမ်နင်းရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း။


နိုင်ငံတော်အစိုးရအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ လုံခြုံဘေးကင်းစေရေးကို ထိပါးနှောင့်ယှက်သည့် လုပ်ဆောင်ချက် မှန်သမျှကို ထိရောက်သော ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး (Effective Counter- insurgency Operations) ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့ပြင် တွေ့ဆုံပွဲ၌ သတင်းမီဒီယာများက “မနေ့က တပ်မတော်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ၇-၁-၂၀၁၉ ရက်က နိုင်ငံတော်သမ္မတ အိမ်တော်မှာလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မှာကြားချက်နဲ့ပတ်သက်ပြီး ထည့်သွင်းရှင်းလင်း သွားခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အစိုးရရဲ့ မှတ်ချက်ကို သိလိုပါတယ်”ဟု မေးမြန်းရာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ဒါက Privileged information ဖြစ်ပါတယ်။ အခြားထင်မြင်ချက် မပေးလိုပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။


သတင်းစဉ်