ရန်ကုန် မေ ၆
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီး ၆ ပါးတို့အား ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy နှင့်အဖွဲ့က တွေ့ဆုံဂါရဝပြုသည့်အခမ်းအနားကို ယနေ့ မွန်းတည် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ မဟာနာယက ကျောင်းဆောင်၊ ဘုရားခန်းမ၌ ကျင်းပသည်။
ဂါရဝပြုတွေ့ဆုံပွဲတွင် ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ရင်းရင်းနှီနှီးတွေ့ဆုံခွင့် ရသည့်အတွက် အထူးပင်ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အော်သိုဒေါ့ ခရစ်ယာန်ဘာသာဝင် များနှင့် မြန်မာ-ရုရှား နှစ်နိုင်ငံ အပြန်အလှန်ချစ်ကြည်ရေး၊ ဘာသာရေးဆိုင်ရာကိစ္စများကို ပူပေါင်းဆောင်ရွက် လိုပါကြောင်း လျှောက်ထားပြီး ကိုယ်စား လှယ်အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်က အော်သိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiy နှင့်အဖွဲ့ လာရောက်တွေ့ဆုံသည့်အတွက် အထူးပင်ဝမ်းမြောက် ရပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အနေဖြင့်လည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဟု ဆိုအပ်သော ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း မိန့်ကြားတော် မူသည်။
ဂါရဝပြုတွေ့ဆုံပွဲ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုး တော်ဆောင်၊ သန်လျင်မင်းကျောင်ဆရာတော်အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး ၆ ပါး၊ ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊ စင်္ကာပူနှင့် အရှေ့တောင်အာရှ ဒေသလုံး ဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး အပြည်ပြည်ဆိုင်ရာထေရ ဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်