ရန်ကုန် ဖေဖော်ဝါရီ ၁၈

 

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၆)ကို ယနေ့နံနက်၉နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌဆရာတော်များ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား/စီမံ)နှင့် မော်ကွန်းထိန်း ဆရာတော်များ ကြွရောက်တော်မူ ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တကောဝိဒက တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့မှ တာဝန်ရှိသူတို့သည် ထကြွလုံ့လ ဝီရိယရှိထသော။ သတိလည်း ရှိထသော။ စင်ကြယ်သော ကာယကံ၊ ဝစီကံ၊ မနောကံနှင့် ပြည့်စုံထသော။ ပြုလုပ်လိုရာ ကိစ္စဟူသမျှ၌ စူးစမ်းဆင်ခြင်၍ ပြုလုပ်လေ့ရှိထသော။ ကိုယ်စိတ် နှလုံးသုံးပါးတို့ကို စောင့်စည်းလေ့ ရှိထသော။ တရားသဖြင့် အသက်မွေးလေ့ရှိသော၊ မမေ့မလျော့သော သူအား စည်းစိမ်ဥစ္စာအဖြာဖြာသည် တစ်နေ့တခြား တိုးပွားကြောင်းကို သဗ္ဗညုဘုရားရှင်က ဓမ္မပဒပါဠိတော်၌ ဟောကြားတော်မူကြောင်း၊ ဘုရားရှင် ဟောတော်မူအပ်သော ဒေသနာတော်နှင့်အညီ သာသနာတော် ထွန်းကားပြန့်ပွားရေး လုပ်ငန်း ကိစ္စအဝဝကို ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းကြောင်း အဖွင့်သြဝါဒကထာ မြွက်ကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

ယင်းနောက် တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့အစည်းအဝေး (၂/၂၀၂၅) ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များ၊ တက္ကသိုလ်များ ဗဟိုပညာရေး အဖွဲ့အစည်းအဝေး (၁/၂၀၂၆)တင်ပြချက်များကို လျှောက်ထားသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များက တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၆)နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးကာ ဆုံးဖြတ်ချက်(၅)ရပ်ကို ချမှတ်အတည်ပြုခဲ့ပြီး သဘာပတိ ဆရာတော် ဘဒ္ဒန္တကောဝိဒက ကုသိုလ်ရသည့် လုပ်ငန်းကိစ္စများကို ဆောင်ရွက်နေကြခြင်းကြောင့် ကောင်းမှုကုသိုလ်နှင့် ပြည့်စုံသော အမျိုးကောင်း သားသမီးတို့မှာ စိတ်ကတောင့်တသည့်အတိုင်း ဖြစ်လာနိုင်ကြပါစေ။ တောင့်တမှု မှန်သမျှ၊ အလုံးစုံသော အကျိုးတရားမှန်သမျှ ပြည့်စုံနိုင်ကြပါစေ။ သဒ္ဓါတရားပညာနှင့် ချင့်ချိန် ဆောင်ရွက်နိုင်ကြပါစေကြောင်း နိဂုံးချုပ်သြဝါဒကထာ မြွက်ကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်